ယခုတစ်လော မြန်မာနိုင်ငံနှင့် အာဆီယံအဖွဲ့၏ ဆက်ဆံရေးအခြေအနေတို့ကို ကြားသိနေရပါသည်။ အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ လာရောက်ရေးကိစ္စ၊ မကြာမီကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ မြန်မာနိုင်ငံမှ ကိုယ်စားပြုတက်ရောက်မည့်ကိစ္စနှင့် တက်ရောက်ပါက မည်သည့်အဆင့် တက်ရောက်ရန်ကိစ္စတို့ကို အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့က ဆွေးနွေးပြော ကြားသည့် ကိစ္စများဖြစ်သည်။
မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံအစိုးရအပေါ် ကုလသမဂ္ဂ နယ်ပယ်တွင် အမျိုးမျိုးအဖုံဖုံ ဖိအားပေးမှုများ၊ အကျပ်ကိုင်မှုများ၊ တစ်ဖက်သတ် ဆုံးဖြတ်မှုများပြုလုပ်ခဲ့ပြီးနောက် ယခုအခါ အာဆီယံနယ်ပယ်တွင်ပါ ဖိအားပေးမှုများ ပြုလုပ်လာသည်ကိုတွေ့ရသည်။ ပြီးခဲ့သည့် ဧပြီလ ၂၄ရက်က အင်ဒိုနီးရှားနိုင်ငံတွင် ပြုလုပ်သည့် အာဆီယံထိပ်သီးအစည်းအဝေး၌ မြန်မာနိုင်ငံနှင့်ပတ်သက်သည့်မူအားဖြင့် ဘုံသဘောတူညီချက် (၅) ခု ရရှိခဲ့သည်။ သဘောတူညီချက်တွင် ပထမအချက်ဖြစ်သည့် အကြမ်းဖက်မှုများ အမြန်ဆုံးရပ်ဆိုင်းရန်နှင့် အားလုံးက ထိန်းသိမ်းကြပ်မတ်ခြင်းဖြင့် အတတ်နိုင်ဆုံး ဆောင်ရွက်ရေးအပါအဝင် အာဆီယံ ဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် တာဝန်ပေးနိုင်ရေးပါဝင်သည်။ မြန်မာနိုင်ငံအနေဖြင့် သဘောတူညီချက်ကို မြန်မာနိုင်ငံ၏ နိုင်ငံရေးယဉ်ကျေးမှုနှင့် အာဆီယံ၏ Charter များနှင့်အညီ ဆောင်ရွက်သွားမည်ဟု အသိပေးခဲ့သည်။ သို့သော် အာဆီယံ၏ ဧပြီလ ကြေညာချက်ထုတ်ပြန်ပြီးသည့် နောက်ပိုင်း၌ CRPH နှင့် NUG တို့၏လှုံ့ဆော်မှု၊ EAO အချို့၏ပါဝင်ပတ်သက် အားပေးမှုများကြောင့် မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ပိုမိုဆိုးရွားစွာဖြစ်ပေါ်လာရာ ပြဿနာကို နိုင်ငံတော်အစိုးရက ရှင်းလင်းဖယ်ရှားလျက်ရှိသည်။ အဆိုပါအကြမ်းဖက်မှုများကို မည်သည့် နိုင်ငံကမျှ ဟန့်တားခြင်း၊ ကန့်ကွက်ခြင်း၊ ရှုတ်ချခြင်းပြုလုပ်ကြခြင်း မရှိဘဲ မြန်မာနိုင်ငံအစိုးရကိုသာ အာဆီယံက တောင်းဆိုမှုများ ပြုလုပ်လျက်ရှိသည်။
အောက်တိုဘာလ ၁၅ ရက်နေ့က ဗီဒီယိုကွန်ဖရင့်ဖြင့် ပြုလုပ်သည့် အာဆီယံနိုင်ငံ ခြားရေးဝန်ကြီးများ၏ အထူးအစည်းအဝေးတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့က ဆွေးနွေးပြောကြားခဲ့သည့် အာဆီယံအစည်းအဝေးများ တက်ရောက်ရေးအပါအဝင် ကိုယ်စားပြုမှုဆိုင်ရာကိစ္စနှင့် တူညီဆန္ဒမရှိဘဲဆောင်ရွက်ခဲ့မှုများသည် အာဆီယံ၏ ပဋိညာဉ်စာတမ်းနှင့် အခြေခံမူများတွင် ပြဋ္ဌာန်းထားမှုမရှိခြင်း၊ အာဆီယံ၏ ရည်ရွယ်ချက်တို့နှင့် ဆန့်ကျင် ကြောင်း တွေ့ရှိရသည့်အတွက်မြန်မာနိုင်ငံအနေဖြင့် လွန်စွာစိတ်ပျက်ပြီး ပြင်းထန်စွာကန့်ကွက်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက အောက်တိုဘာလ ၁၆ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ အာဆီယံအဖွဲ့သည် နှစ် ၅၀ ကျော်သည်အထိသက်တမ်းရှည်ကြာစွာ ရပ်တည်နိုင်သည့်အပြင် ကမ္ဘာ့အဖွဲ့အစည်းများက လေးစားဂုဏ်ယူ ရသော အဖွဲ့အစည်းဖြစ်ခဲ့သည်မှာ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှု၊ လူမှုရေးတို့နှင့် ပတ်သက်၍ကောင်းမြတ်သောအစဉ်အလာများ ချမှတ်စောင့်ထိန်းကျင့်သုံး လေ့ရှိခြင်းကြောင့် ဖြစ်သည်။ ဤသို့သော ကောင်းမြတ်သည့်အစဉ်အလာများကိုကောင်းမြတ်သော ရည်ရွယ်ချက်နှင့် စနစ်တကျချမှတ် ဆောင်ရွက်နိုင်ရန် ဗီယန်ကျင်းလုပ်ငန်း အစီအစဉ်များကို ချမှတ်နိုင်ခဲ့သည်။ အာဆီယံအဖွဲ့ကြီး နှစ်ပေါင်းရှည်ကြာ တည်တံ့နိုင်ခဲ့ခြင်းမှာ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ခြင်း၊ တစ်ဦးပြည်တွင်းရေးကို တစ်ဦးကဝင်ရောက်စွက်ဖက်မှုမပြုခြင်း၊ အငြင်းပွားခြိမ်း ခြောက်ခြင်းကို ရှောင်ကြဉ်ခြင်းနှင့် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် အခြားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ခြင်း တို့ကြောင့်ဖြစ်သည်။
အာဆီယံအဖွဲ့သည် ဤသို့သော ကောင်းမြတ်သည့် မူဝါဒများချမှတ်နိုင်ရန် အရေးပါသော နိုင်ငံရေးဆိုင်ရာ သဘောတူညီမှုများကို အတည်ပြုခဲ့ကြပြီးဖြစ်သည်။ သို့သော် ဒေသတွင်းမဟာဗျူဟာအရ အားပြိုင်မှုများ ပိုမိုဖြစ်ပေါ်နေချိန်တွင် အာဆီယံ၏ အစဉ်အလာကောင်းများဖြစ်သည့် မတူကွဲပြားမှုများကို အခြေခံပြီး အာဆီယံ၏ စည်းလုံးညီညွတ်မှုကို တည်ဆောက်ခဲ့မှုနှင့် မတူညီမှုများကို ဆွေးနွေးတိုင်ပင်ပြီး တူညီဆန္ဒဖြင့် ဆောင်ရွက်မှုများကို ပစ်ပယ်ခဲ့ခြင်းသည် အာဆီယံ၏ စည်းလုံးညီညွတ်မှု၊ ဗဟိုပြုမှုကို ထိခိုက်စေမည့် ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်သည်။ အာဆီယံအထူးကိုယ်စားလှယ်၏ တောင်းဆိုမှုများတွင်လည်း ညှိနှိုင်းမရ နိုင်သောအချက်များပါဝင်နေသည်။
မည်သို့ပင်ဖြစ်စေ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ချမှတ်ထားသော ဦးတည်ချက်၊ ရှေ့လုပ်ငန်းစဉ် များအတိုင်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပြီး မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည်နှင့်အညီ နိုင်ငံအတွက်၊ အာဆီယံအတွက် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမည်သာ ဖြစ်သည်။ အာဆီယံအနေဖြင့် ကောင်းမြတ်သော အစဉ်အလာများကို ဆက်လက်ထိန်းသိမ်းပြီး အခြေခံမူများနှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်လိမ့်မည်ဟု မျှော်လင့်ပါကြောင်း။
(ကြေးမုံ အယ်ဒီတာ့အာဘော်)