ရန်ကုန် အောက်တိုဘာ ၂၀
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၃ ခုနှစ် သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့အရုဏ်ဆွမ်းတော်ကြီး ဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော်တောင်ဘက်မုခ်ရှိ ဧည့်ခံတန်ဆောင်း ၌ ကျင်းပသည်။
ရှေးဦးစွာ ဂေါပကအဖွဲ့ဝင်များ ဘာသာရေးအသင်းအဖွဲ့များနှင့် ဝန်ထမ်းများက အရုဏ်တက်ချိန်တွင် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဆွမ်း၊ ဆီမီး၊ ပန်း၊ ရေချမ်းနှင့် သစ်သီးဆွမ်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးအသင်းအဖွဲ့များနှင့် ဝန်ထမ်းများက “ဝါဆို”ဘုရားရှစ်ခိုးခြင်း၊ စိန်ရောင်ခြည် ဘုရားပင့်ဂါထာဖြင့် ဘုရား ရှင်ကို ပင့်လျှောက် ထားခြင်း၊ စေတီတော်မြတ်ကြီးအား မြတ်ဘုရားရွှေတိဂုံ ဂါထာဖြင့် ရှစ်ခိုးပူဇော်ခြင်း၊ ပရိသတ်အပေါင်းတို့က နဝင်္ဂသီလ ခံယူဆောက်တည်ခြင်း၊ ဘုရား၊ တရား၊ သံဃာ့ဂုဏ် တော်များ ရွတ်ပွားပူဇော်ခြင်း၊ မေတ္တာဘာဝနာပွားများခြင်း၊ ဆုတောင်း အမျှဝေ၊ သာဓု ခေါ်ဆိုခြင်း စသည့် အစီအစဉ်အတိုင်းဆောင်ရွက်ကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ညပိုင်းတွင် ဂေါပကအဖွဲ့ဝင်များနှင့် ဝန်ထမ်းများက အများပြည်သူများလှူဒါန်း ထားသည့် ဆီမီး ၁၁၀၀၀ ကို ရွှေတိဂုံစေတီတော် ပတ်လည်ရှိ ဆီမီးခုံများ၌ ထွန်းညှိ ပူဇော်ဆက်ကပ်လှူ ဒါန်းကြသည်။
အလားတူ မဟာဝိဇယစေတီတော် ဂေါပကအဖွဲ့က ကြီးမှူး၍ ယနေ့အာရုံ တက်ချိန်တွင် စေတီတော်အား ဆွမ်းတော်ကြီး၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီးဆွမ်းတို့ဖြင့် ကပ်လှူပူဇော်ကြပြီး ဂေါပကအဖွဲ့ဝင်များနှင့် ဝန်ထမ်းများက အဘိဓမ္မာတရားတော်များ ကို ရွတ်ဖတ်ပူဇော်ကြသည်။
ထို့ပြင် ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော် ဂေါပကအဖွဲ့က ကြီးမှူး၍ သတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ အဘိဓမ္မာ ၇ ကျမ်း ရွတ်ဖတ်ပူ ဇော်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် စေတီတော်ရင်ပြင်ရှိ နန်းဦးဘုရား တန်ဆောင်း၌ ကျင်းပရာ ဂေါပကအဖွဲ့ဝင်များ၊ ဘာသရေးအသင်းအဖွဲ့များနှင့် ဝန်ထမ်း များက နတ်ဗြဟ္မာများပင့်ဖိတ်ခြင်း၊ အဘိဓမ္မာတရားဟော်ကြားတော်မူသော မြတ်စွာ ဘုရားအား ရှစ်ခိုးပူဇော်သည့် ဝန္ဒနာဂါထာကို ရွတ်ဖတ်ပူဇော်ခြင်း၊ ဩကာသကန်တော့ ချိုးဖြင့် မြတ်စွာ ဘုရားအား ကန်တော့၍ သရဏ ဂုံသုံးပါးနှင့် ရှစ်ပါးသီလတော်မြတ်ကို ခံယူဆောက် တည်ခြင်း၊ အဘိဓမ္မာအကြောင်း သိကောင်း စရာများကို မြွတ်ကြားခြင်းနှင့် အဘိဓမ္မာ အမွှန်းဂါထာ၊ အဘိဓမ္မာ ပါဠိတော်များနှင့် ရောင်ခြည် တော်ဘွဲ့သံဆန်း ကဗျာများကို ရွတ်ဖတ်ပူဇော်ကြပြီး မေတ္တာပို့ အမျှဝေဆုတောင်းကြသည်။
အရုဏ်တက်ချိန်တွင်လည်း ဂေါပကအဖွဲ့ဝင်များနှင့် ဝန်ထမ်းများက ဗိုလ်တ ထောင်ကျိုက်ဒေး အပ်ဆံတော် ဦးစေတီတော်မြတ်ကြီးအား ဆွမ်းတော်ကြီး၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီးဆွမ်းတို့ဖြင့် ကပ်လှူပူဇော်ခဲ့ကြသည်။
သီရိမင်္ဂလာကမ္ဘာအေးစေတီတော်၊ ရွှေဘုန်းပွင့်စေတီတော်၊ ရှေးဟောင်းသမိုင်းဝင် အပရာဇိတဆံတော်ရှင် ကျိုက်ဝိုင်းစေတီတော်၊ ငါးထပ်ကြီးဘုရား၊ ခြောက်ထပ်ကြီးဘုရား နှင့် ဝရဒါဌာဓာတုစေတိယ စွယ်တော်မြတ်စေတီတော် (ရန်ကုန်)တို့တွင်လည်း ဂေါပက အဖွဲ့များက ကြီးမှူး၍ ယနေ့ အာရုံတက်ချိန်တွင် စေတီတော်နှင့် ဘုရားရုပ်ပွားတော် များအား ဆွမ်း၊ ဆွမ်းတော်ကြီး၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီးဆွမ်းတို့ဖြင့် ကပ်လှူပူဇော် ကြပြီး ဂေါပက အဖွဲ့ဝင်များနှင့် ဝန်ထမ်းများက အဘိဓမ္မာတရားတော်များကို ရွတ်ဖတ် ပူဇော်ခဲ့ကြသည်။
သီတင်းကျွတ်လပြည့် အဘိဓမ္မာခါတော်နေ့တွင် ရန်ကုန်မြို့ရှိ ဘုရားစေတီများ တွင် ဘုရားဖူးလာပြည် သူများက ပန်း၊ ရေချမ်း၊ ဆီမီးများ ပူဇော်ကြခြင်း၊ မြို့နယ်ရပ် ကွက်အသီးသီးရှိ လမ်းများ၌ ကုသိုလ်ကောင်းမှုပြုကြခြင်း၊ သက်ကြီး၊ ဝါကြီး၊ မိဘ၊ အဖိုး၊ အဖွား၊ ဆရာသမားများအား ကန်တော့ခြင်း၊ ဥပုသ်သီလ ဆောက်တည်ကြခြင်း၊ ရုံးများ၊ လူနေအိမ်များနှင့် လမ်းများ၌ ရောင်စုံလျှပ်စစ်မီးများ၊ ဆီမီးများ၊ ဖယောင်းတိုင်များ ထွန်းညှိပူဇော်ကြခြင်း များ ပြုလုပ်ကြသည်။
သတင်း-ကိုကိုဇော်၊ ကျော်စိုးဝင်း
ဓာတ်ပုံ-ဇော်မင်းလတ်(MNA)