ကျောက်တံခါး အောက်တိုဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ ပေးအပ်သောဆောင်းသီးနှံ နေကြာ(ဆင်းရွှေဝါ ၂ )မျိုးစေ့များအား တောင်သူများထံ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့က အနန်းဘော်ကျေးရွာ အုပ်ချုပ်ရေး မှူးရုံးတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးညွန့်ဆွေက အဖွင့်အမှာ စကား ပြောကြားသည်။ဆက်လက်၍ မြို့နယ် စိုက်ပျိုးရေးဦးစီးဋ္ဌာနမှမြို့နယ်ဦးစီးမှူးကထောက်ပံ ပေးအပ်ရခြင်း ရည်ရွယ်ချက်ကိုရှင်းလင်းဆွေးနွေးပြီး မြို့နယ်လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်မန်နေဂျာက စိုက်ပျိုးစရိတ်ချေးငွေ ရရှိနိုင်မှုအား ရှင်းလင်းဆွေးနွေးပါသည်။ ထို့နောက် တာဝန်ရှိ သူများ ကကျောက်တံခါးမြို့နယ်အတွင်းရှိ ဆောင်းသီးနှံ ဧက (၃၀၀)တွင် ကြားညှပ် စိုက်ပျိုး နိုင်ရန်အတွက် ဆောင်းသီးနှံ နေကြာ (ဆင်းရွှေဝါ ၂)မျိုးစေ့အိတ်(၁၅၀)အား တောင်သူများထံ ထောက်ပံ့ပေးအပ်ခဲ့သည်။
ကျောက်တံခါးမြို့နယ်အတွင်း ကျန်ရှိသည့်တောင်သူများကိုလည်းဆက်လက်၍ အခမဲ့ဖြန့်ဝေ နိုင်ရေး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဋ္ဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်ထံမှသိရသည်။
စန်းစန်း