Skip to main content

NCA လက်မှတ်ရေးထိုးခြင်း (၆) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အမျိုးသား စည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ တွေ့ဆုံ

 

နေပြည်တော် အောက်တိုဘာ ၁၅

 

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း (၆) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ တွေ့ဆုံပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

တွေ့ဆုံပွဲသို့ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ကော်မတီဝင်များ၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဖြစ်ကြသည့် ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ(RCSS)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ မွန် ပြည်သစ်ပါတီ (NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU) တို့မှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ အမျိုးသား စည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က NCA လက်မှတ်ရေးထိုးခြင်း (၆) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဗီဒီယိုမက်ဆေ့ပေးပို့၍ မိန့်ခွန်းပြောကြားသည်။

 

(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ NCA လက်မှတ်ရေးထိုးခြင်း (၆) နှစ်မြောက် နှစ်ပတ်လည်နေ့သို့ ပေးပို့ပြောကြားသည့် မိန့်ခွန်းအပြည့်အစုံကို သီးခြားဖော်ပြထားပါသည်။)

 

ထို့နောက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)မှ စောစတီး၊ ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်- ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC)မှ ဒေါက်တာ နော်ကပေါ်ထူး၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)မှ ဒေါ်စောမြရာဇာလင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ ဦးမင်းဇော်၊ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS)မှ စိုင်းကောင်းတို့က NCA လက်မှတ် ရေးထိုးခြင်း (၆) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အမှာစကား ပြောကြားကြပြီး ပအိုဝ်း အမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO)မှ ခွန်ဥက္ကာ၊ မွန်ပြည်သစ်ပါတီ (NMSP)မှ နိုင်အောင်မငေး၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) မှ ကျာယာကုပ်တို့ က Online မှတစ်ဆင့် အထိမ်းအမှတ် အမှာစကား ပြောကြားကြသည်။

 

ဆက်လက်၍ ညှိနှုင်းရေးကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးခင်မောင်ရီနှင့် ဦးခင်ရီ၊ ညှိနှိုင်းရေးကော်မတီဝင် ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်တို့က NCA လက်မှတ်ရေးထိုးခြင်း (၆) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အမှာစကား ပြောကြားကြပြီး လုပ်ငန်းကော်မတီဝင် ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(အငြိမ်းစား) က Online မှတစ်ဆင့် အထိမ်းအမှတ် အမှာစကားများ ပြောကြားသည်။

 

ထို့နောက် ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ ကော်မတီဝင်များနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များသည် စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး တွေ့ဆုံပွဲကို ရုပ်သိမ်းလိုက်သည်။

 

(သတင်းစဉ်)