နေပြည်တော် အောက်တိုဘာ ၁၅
နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် လိုအပ်သည့် အောက်ဆီဂျင်အရည်၊ အောက်ဆီဂျင်အိုးခွံ၊ အိမ်သုံးအောက်ဆီဂျင်စက်နှင့် အခြား ဆက်စပ်ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အဆင်ပြေ ချောမွေ့စွာ တင်သွင်းနိုင်ရေး အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် အခြား ဆက်စပ်ဌာနများနှင့် လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများ၊ မူဆယ်နှင့်ချင်းရွှေဟော် ကုန်သွယ်ရေးစခန်း(၂)ခုတို့မှ တင်သွင်းရာ၌ ကုမ္ပဏီ (၄) ခုမှယာဉ်စီးရေ (၁၅) စီးဖြင့် အောက်ဆီဂျင်(အိုးခွံ) (၃၇၉)ခု၊ Oxygen Plant (၅)ခု၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) (၇၅၈)ခု၊ PPE ဝတ်စုံ (၅၀၂၇၅)ခု၊ လက်အိတ် (၂.၅) တန်နှင့် နှာခေါင်းစည်း(Mask) (၅၁)တန်တင်သွင်းခဲ့သည်။ Oxygen Plant (၅) ခုမှာ ဆိပ် ကမ်းမှ ရန်ကုန်မြို့သို့ ဖြစ်ကြောင်းသိရှိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို ပြည်ပမှတင်သွင်းရာတွင် နှောင့်နှေးကြန့်ကြာမှုမရှိစေရေး အတွက် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက် ရှိပါကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့် သက်ဆိုင်သည့် အသိပေး ကြေညာချက်များကိုလည်း အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားပါကြောင်း သိရသည်။
(သတင်းစဉ်)