Skip to main content

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် ငွေကျပ်သိန်း ၃,၆၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 

နေပြည်တော် အောက်တိုဘာ ၁၅

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် ငွေကျပ်သိန်း ၃,၆၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၁၄ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့အဝင်၊ မန္တလေး-လားရှိုးသွားကားလမ်း၊ မိုင်တိုင်အမှတ်(၈၀/၄)အနီးတွင် သီပေါမှ မန္တလေးဘက်သို့ အောင်လင်း(၂၈)နှစ် မောင်းနှင်လာသည့် HINO ၁၂ ဘီး မော်တော်ယာဉ်အား သတင်းအရ ရှာဖွေရာ ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၃,၆၀၀ ကျော်တန်ဖိုးရှိ ဆပ်ပြာခွက် ၁,၆၆၁ ခွက်ဖြင့် ထည့်ထားသော ဘိန်းဖြူ ၁၆ ဒသမ ၆၁ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၂ ဒသမ ၂၈ သိန်း တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်မှ မန္တလေးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအား ဥပဒေအရအရေးယူ ထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

(သတင်းစဉ်)