နေပြည်တော် အောက်တိုဘာ ၁၅
လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးလက်အခြေခံ အဆောက်အဦ ဖွံ့ဖြိုးရေး လုပ်ငန်းများအပြင် စိုက်ပျိုးမွေးမြူရေးကို အခြေခံ ကုန်ထုတ်သမဝါယမကဏ္ဍ မြှင့်တင်ရေးလုပ်ငန်းများ၊ အသေးစားအလတ်စား စက်မှုလက်မှုလုပ်ငန်းများနှင့် ချိတ်ဆက်၍ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ယနေ့နံနက်ပိုင်းတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက စီမံကိန်းလုပ်ငန်းများကိုလည်း လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း ကျေးလက်နေပြည်သူများ၊ ကော်မတီများ၏ ကျေးရွာစိတ်ဓါတ် ဖွံ့ဖြိုးမြှင့်တင်ရေး၊ အရည်အသွေးမြှင့်တင်ရေးနှင့် လိုအပ်သော အသိပညာပေးလုပ်ငန်းများကို စဉ်ဆက် မပြတ်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများ ရေရှည်တည်တံ့စွာ အသုံးပြုနိုင်ရန် အတွက် လုပ်ငန်းအလိုက် ကျေးရွာကော်မတီများ ဖွဲ့စည်းခြင်း၊ လည်ပတ်ထိန်းသိမ်းရေး ဆိုင်ရာ သင်တန်းများပို့ချခြင်း၊ လေ့ကျင့်သင်ကြားခြင်း၊ ကျေးရွာနှင့် ကျေးရွာကော်မတီထံ လုပ်ငန်း လွှဲပြောင်း ပေးအပ်ခြင်းတို့ကို မပျက်မကွက် ဆောင်ရွက်ရန်၊ ကျေးရွာမှ စဉ်ဆက်မပြတ်လည်ပတ် ထိန်းသိမ်းစေရေး တွန်းအားပေး ဆောင်ရွက်ကြရန် လိုပါကြောင်း၊ စီမံကိန်း လုပ်ငန်းများ ပိုမိုအောင်မြင်ရေး သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင် က ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီး ဌာနအနေဖြင့် (ကျေးလက် ရေရရှိရေး လုပ်ငန်း) ၃,၂၆၁ ခု၊ ကျေးလက်မီးလင်းရေး ကျေးရွာ (၁၀၁) ရွာ၊ ကျေးလက်ကုန်ထုတ် လမ်း (၈၂၇)မိုင်၊ ကုန်ထုတ်တံတား (၁,၁၉၇) စင်း၊ ကျေးလက်အိမ်ရာ(၅၈၅)လုံး၊ လူထုဗဟိုပြုစီမံကိန်း (၁၆)မြို့နယ်၊ မြစိမ်းရောင် ကျေးရွာစီမံကိန်း ထပ်တိုးကျေးရွာ(၄၀၀) အပါအဝင်(၁၂,၀၈၄)ရွာနှင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်း စီမံကိန်း (၃,၅၀၃)ရွာတို့ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ကျေးလက်နေ ပြည်သူများ၏ လူနေမှုဘဝ မြင့်မားတိုးတက်ရေးအတွက် ကျေးရွာများ သောက်သုံးရေရရှိရေး၊ မီးရရှိရေး၊ ကျေးရွာကုန်ထုတ်လမ်းများ ဖောက်လုပ်ရေးတို့ကို ဦးစားပေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် ဆက်လက် အကောင်အထည် ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးများက ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက် ပြီးစီးမှုကို ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့်လည်းကောင်း၊ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က ဆွေးနွေးတင်ပြချက်များအပေါ် ဖြည့်စွက်၍လည်းကောင်း၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များက ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တစ်နှစ်တာကာလအတွင်း လုပ်ငန်း စွမ်းဆောင်ရည်ထူးချွန်ဆု ရရှိသည့် တိုင်းဒေသကြီး/ ပြည်နယ်များအား ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)