နေပြည်တော် အောက်တိုဘာ ၁၅
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဒေါက်တာဇော်မြင့်၊ ဦးဇော်ဝင်းနှင့်အတူ ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်ရှိ မင်္ဂလာဗျူဟာ ဓမ္မဗိမာန်တော်ကြီး၌ အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာအလယ် တန်း၊ အထက်တန်း ကျောင်းသား ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးနေမှုများကို ကြည့်ရှု အားပေးကြသည်။
ထိုသို့ ကြည့်ရှုအားပေးစဉ် ပြည်ထောင်စုဝန်ကြီးက ကျောင်းသားကျောင်းသူများ ကာကွယ်ဆေး ထိုးခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို တားဆီးကာကွယ်နိုင်မည် ဖြစ်ပါကြောင်း၊ ကာကွယ်ဆေး ထိုးပြီးသည့် ကျောင်းသားကျောင်းသူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကျောင်းများပြန်လည်ဖွင့်လှစ်ပါက ပညာသင်ယူမှု အခွင့်အလမ်းများ ရရှိကြမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် အသက် ၁၂ နှစ်အထက် ကျောင်းသား ကျောင်းသူများ ကာကွယ်ဆေးထိုးပေးခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိရာတွင် မိဘအုပ်ထိန်းသူများ၊ ဆရာဆရာမများအနေဖြင့် မိမိတို့၏ သားသမီး တပည့်များ၏ ပညာရေး အခွင့်အလမ်းအတွက် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက် ကြစေလိုပါကြောင်း၊ ကျောင်းသားကျောင်းသူများ ကာကွယ်ဆေးထိုးရာတွင် ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးကြသည့် မြို့နယ်ပြည်သူ့ဆေးရုံမှ ဆရာဝန်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ ကြက်ခြေနီ အဖွဲ့များ၊ ပရဟိတအဖွဲ့များ၊ ဆရာဆရာမများနှင့် မိဘပြည်သူများ အားလုံးကို ကျေးဇူးတင် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြားသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့် တာဝန်ရှိသူများသည် ပုဗ္ဗသီရိမြို့နယ် အမှတ်(၂၀) အခြေခံပညာ အထက်တန်းကျောင်း သို့သွားရောက်၍ အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာအလယ်တန်း၊ အထက်တန်း ကျောင်းသား ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှုကို ကြည့်ရှုအားပေးကာ ကျောင်းသားမိဘများ နှင့်ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။
ယင်းနောက် အဆိုပါအထက်တန်း ကျောင်းအတွင်းရှိ ကျောင်းအားကစားကွင်း အဆင့်မြှင့်တင် တည်ဆောက်နေမှုများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)