ဒေါ်ခင်စန်းမြင့် (ကျောင်းအုပ်ဆရာမကြီး)
“ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးကြပါစို့” ဟူသည့် ဆောင်ပုဒ်နှင့်အညီ အသက် ၁၂ နှစ်နှင့် အထက် ကျောင်းသား ကျောင်းသူများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောက်တိုဘာ ၁၂ ရက်မှ စတင်ကာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေရှိ မြို့နယ်များ၌ ကျောင်းသား ကျောင်းသူများကို ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးနေမှုနှင့် စပ်လျဉ်း၍ တာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူများနှင့် မိဘအုပ်ထိန်း သူများ၏စကားသံများကို ဖော်ပြလိုက်ပါသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အနေနဲ့ မြို့နယ်အတွင်းမှာရှိတဲ့ ၁၂ နှစ်နဲ့အထက် အလယ်တန်းနဲ့ အထက်တန်း ကျောင်းသား ကျောင်းသူတွေ ကာကွယ်ဆေးထိုးနှံနိုင်ဖို့အတွက် အခြေခံပညာအလယ်တန်းနဲ့ အထက်တန်း ကျောင်းသား ကျောင်းသူစာရင်းကိုအခြေခံပြီး ကြိုတင် စာရင်းပြုစုခဲ့ပါတယ်။ လယ်ဝေးမြို့နယ်မှာ အ.ထ.က(၁)၊ အေလာ တိုက်နယ်ဆေးရုံ၊ သာဝတ္ထိတိုက်နယ်ဆေးရုံ၊ အ.ထ.က(သပြေပင်)၊ အ.ထ.က(ကံသာ) စတဲ့ဆေးထိုးစုရပ် ငါးနေရာမှာ အောက်တိုဘာ ၁၂ ရက်ကစပြီး ထိုးနှံပေးနေပါတယ်။
ကာကွယ်ဆေးထိုးတဲ့အခါမှာ လွယ်ကူမြန်ဆန်စေဖို့ အ.ထ.က(၁) မှာ ဆေးထိုးအဖွဲ့ နှစ်ဖွဲ့နဲ့ ကျန်စုရပ်လေးခုမှာ တစ်ဖွဲ့ စီတာဝန်ပေးထားပါတယ်။ ဒီစုရပ်တွေမှာ စာရင်းရေးသွင်းဖို့၊ ဆေးစစ်ဖို့၊ လုံခြုံရေးဆောင်ရွက် ဖို့တို့ကိုလည်း ပညာရေး၊ ကျန်းမာရေးနဲ့ လုံခြုံရေးတပ်ဖွဲ့တွေ ညှိနှိုင်း ဆောင်ရွက်ထားပါတယ်။
ဒါ့အပြင် ကာကွယ်ဆေးထိုးနှံဖို့ မသင့်တော်တဲ့သူတွေထဲမှာ ဘယ်လိုလူတွေပါတယ်ဆိုတဲ့ အချက်အလက်တွေ၊ ကာကွယ်ဆေးကို ထိုးထားတဲ့အတွက်ရရှိမယ့် အကျိုးကျေးဇူးတွေကို ကျောင်းသား ကျောင်းသူတွေ၊ ကျောင်းသားမိဘတွေနဲ့ ပြည်သူတွေသိရှိစေဖို့ အသံ ချဲ့စက်နဲ့ ကြေညာတာ၊ လက်ကမ်းစာစောင်ဖြန့် ဝေတာတွေကို ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနဲ့ တခြားဆက်စပ်ဌာနတွေ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ပါတယ်။ ။
ဒေါ်ခင်စန်းမြင့်(ကျောင်းအုပ်ဆရာမကြီး၊ အ.ထ.က (၁) လယ်ဝေး)
အသက် ၁၂ နှစ်နဲ့အထက်ကျောင်းသူကျောင်းသားတွေကို ဆေးထိုး မယ့် လုပ်ငန်းစဉ်တွေမှာ အခြေခံပညာ ကျောင်းနဲ့ ကိုယ်ပိုင်ကျောင်း ၄၀ ရဲ့ ကျောင်းစုရပ် ခေါင်းဆောင်အဖြစ် ကျွန်မတာဝန်ယူထားပါတယ်။ အခုအချိန်ကကျောင်းပိတ်ထားတော့ ကျောင်းသား ကျောင်းသူတွေကို ကာကွယ်ဆေးထိုးနှံပေးဖို့အတွက် ဖုန်းနဲ့ဆက်သွယ်ရတဲ့အတွက် နည်းနည်းအခက်အခဲ ရှိပါတယ်။ ဒီအခက်အခဲတွေကို ဆရာ ဆရာမ တွေက ကြိုတင်ပြင်ဆင်ပြီး ဆောင်ရွက်ခဲ့တဲ့အတွက် အားလုံး အဆင် ပြေသွားပါတယ်။
ကာကွယ်ဆေး ထိုးနှံပေးတဲ့အခါမှာ ကျောင်းသား ကျောင်းသူ တွေက ဆေးထိုးရမှာ ကြောက်တဲ့စိတ်နဲ့ အစာမစားခဲ့တာတွေကြောင့် အချို့ ကျောင်းသားတွေမှာ နည်းနည်းခေါင်းမူးတာတွေ့ရတယ်။ သူ့တို့ကို စမ်းသပ်လိုက်တဲ့အခါမှာ သွေးပေါင်ချိန်နဲ့ သွေးအတွင်း အောက်ဆီဂျင်က ကောင်းတယ်။ ကြောက်တဲ့စိတ်ကြောင့် ဖြစ်တာပါ။ သူတို့ကို ၁၀ မိနစ်လောက် စောင့်ကြည့်တဲ့အခါ အားလုံးပုံမှန်အတိုင်း ပြန်လည်ကောင်းမွန်လာတာ တွေ့ရပါတယ်။ ကျောင်းမှာလည်း ကျောင်းသားတွေ အဆာပြေစားဖို့အတွက် စီစဉ်ပေးထားပါတယ်။ ဒီနေ့က ကာကွယ်ဆေး တတိယမြောက်နေ့ ဆက်ထိုးနှံတဲ့အခါမှာ ကျောင်းသား ကျောင်းသူတွေအပြင် အကြောင်းအမျိုးမျိုးကြောင့် ဆေးထိုးဖို့ကျန်ရှိတဲ့ ပြည်သူတွေကိုပါ ထိုးပေးနေတာကြောင့် ကျောင်းဝင်းထဲမှာ ပြည်သူတွေအတွက်ဆေးထိုးစင်တာနဲ့ ကျောင်းသား တွေအတွက် ဆေးထိုး စင်တာနှစ်ခု ဖြစ်သွားပါတယ်။
ကိုဗစ်-၁၉ ကာကွယ်ဆေးကို ထိုးနှံထားတာကအကောင်းဆုံးပါပဲ။ ကျွန်မတို့တွေ့ကြုံခဲ့ရတဲ့ ဝက်သက်ရောဂါ၊ ကျောက်ရောဂါတွေ ဖြစ်တုန်းကလည်း ကာကွယ်ဆေး ထိုးလိုက်တဲ့အခါမှာ အဲဒီရောဂါတွေ ပျောက်ကင်းသွားတာ တွေ့ရပါတယ်။ ကိုဗစ်-၁၉ ရောဂါစတင်ဖြစ်ပွား စဉ်က ရောဂါဖြစ်ပွားမှု အခြေအနေဆိုးခဲ့ပေမယ့် အခုချိန်မှာ ကာကွယ် ဆေးထိုးနှံပေးနေမှုကြောင့် ရောဂါဖြစ်ပွားမှုနဲ့ သေဆုံးမှုတွေ လျော့ကျ သွားတာကို တွေ့ရပါတယ်။ ကာကွယ်ဆေးထိုးနှံပြီးမှသာ ရောဂါကို ကာကွယ်ပြီးသားဖြစ်မှာပါ။ ကျန်းမာရေးကောင်းမှကျန်းမာပျော်ရွှင်စွာနဲ့ ပညာကိုဆက်လက်သင်ကြားနိုင်မှာဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးနှံ ပေးနေတဲ့အချိန်မှာ ကျောင်းသား ကျောင်းသူအားလုံးကို မိဘနဲ့ အုပ်ထိန်းသူတွေကလည်း ယုံကြည်ချက်အပြည့်နဲ့ ကာကွယ်ဆေး လာရောက်ထိုးနှံပေးကြပါလို့ တိုက်တွန်းလိုပါတယ်။
ဒေါ်ညွန့်ရွှေ (မိဘအုပ်ထိန်းသူ)
ကျောင်းသား ကျောင်းသူတွေကို အခုလို ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံပေးတာ ဝမ်းသာပါတယ်။ မိဘတွေအနေနဲ့ ကိုယ့်ကလေးကို ရောဂါကူးစက်မှာ အတိုင်းအတာတစ်ခုအထိ စိတ်ချသွားတာပေါ့။ ကလေးတွေ ကျောင်းမတက်ရတော့ စာလည်းနောက်ကျပါတယ်။ အချိန်တွေအလဟဿ ကုန်ဆုံးကုန်တယ်။ အခုဆေးထိုးပြီးရင် ကျောင်းတွေပြန်တက်ရတော့မယ်။ ကျန်းမာရေးအတွက်လည်း စိတ်ချရ ပါပြီ။ ကျောင်းပြန်တက်ရရင်လည်း ပုံမှန်လုပ်နေကျ လက်ဆေးတာ၊ Mask တပ်တာတို့ကို ဆက်ပြီး ဂရုစိုက်ခိုင်းရမှာပါ။ ကျောင်းသားတွေ ကာကွယ်ဆေး ထိုးနှံပေးတာကို တခြား အိမ်နီးချင်းနိုင်ငံတွေမှာလည်း ထိုးနှံပေးနေတာကို သတင်းတွေကနေကြားသိရပါတယ်။
ဒေါ်ကြည်ကြည်ဌေး (မိဘအုပ်ထိန်းသူ)
ကျွန်မသမီးက အထက်တန်းကျောင်းသူပါ။ ကိုဗစ်ကာကွယ်ဆေး လာထိုးဖို့ အတန်းပိုင်ဆရာမက ဖုန်းဆက်ပြီးပြောပါတယ်။ ကိုယ့် ကလေးကျန်းမာရေးအတွက် ကာကွယ်ဆေးထိုးနှံပေးတာကို ကျေးဇူး တင်ရပါတယ်။ ကလေးတွေ စာသင်ခန်းနဲ့ဝေးကွာသွားရင် စိတ်လေ သွားမှာ စိုးရိမ်တယ်။ ကာကွယ်ဆေးထိုးနှံ ပေးပြီးရင် ကျောင်းမြန်မြန် ပြန်ဖွင့်ပေးစေချင်ပါတယ်။ မိဘတွေအနေနဲ့ ပညာအမွေပေးတာက သားသမီးတွေ အတွက် အကောင်းဆုံးလို့ မှတ်ယူထားပါတယ်။ ပညာ ရွှေအိုး လူမခိုးဆိုသလိုပေါ့။ ပညာအမွေက ကလေးတွေ အနာဂတ် အတွက် အာမခံချက်ပေးနိုင်ပါတယ်။ ဒါကြောင့် ကာကွယ်ဆေးထိုးနှံ ပေးပြီး ကျောင်းတွေမြန်မြန် ပြန်ဖွင့်စေချင်ပါတယ်။
မဟန်ဖူးပွင့်နိုင် (အလယ်တန်းကျောင်းသူ)
သမီးက ၈ တန်း တက်နေတာပါ။ ဆေးမထိုးခင် သမီးတို့ကို ကာကွယ်ဆေးထိုးသင့်၊ မထိုးသင့် ကျန်းမာရေး စစ်ဆေးပေးပါတယ်။ အခုလို ဆေးထိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကာကွယ်ဆေး ထိုးနှံပြီး ကျောင်းပြန်တက်ရတော့မယ်ဆိုတော့ ဝမ်းသာပါတယ်။ ကျောင်းကသူငယ်ချင်းတွေနဲ့ ဆရာ ဆရာမတွေကိုလည်း အမြန်ဆုံး တွေ့ချင်လှပြီ။ ကာကွယ်ဆေးထိုးထားတဲ့အတွက် မိမိအပါအဝင် ပတ်ဝန်းကျင်ကသူတွေကိုလည်း ကာကွယ်ပြီးသား ဖြစ်မှာပါ။ ဒါကြောင့် ဆေးမထိုးရသေးတဲ့ သူငယ်ချင်းတွေနဲ့ ညီမလေး၊ မောင်လေးတွေ ကိုလည်း ကာကွယ်ဆေးထိုးနှံကြစေချင်ပါတယ်။
မောင်ဝေလင်းပိုင် (အလယ်တန်းကျောင်းသား)
ကျွန်တော်က ၈ တန်းကျောင်းသားပါ။ ကာကွယ်ဆေးထိုးပြီးပါပြီ။ ဆေးထိုးတာ နာကျင်မှုမရှိပါဘူး။ ကြော်ငြာ ထားတဲ့ ဗီနိုင်းတွေ၊ လက်ကမ်းစာစောင်တွေကတစ်ဆင့် ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေ ကိုလည်း ဖတ်ရှုပြီးပါပြီ။ ကျွန်တော်တို့ ကျောင်းပြန်တက် ချင်နေပါပြီ။ အိမ်မှာစာတွေလေ့လာနေပေမယ့် မသိနားမလည်တာရှိရင် ဆရာ ဆရာမတွေကို စာမေးဖို့ အခက်တွေ့ ပါတယ်။ ဆေးထိုးပြီးရင် ကျောင်းပြန်တက်ရတော့မယ်ဆိုတော့ ဝမ်းသာ ပါတယ်။
အင်တာဗျူး - ဟန်မင်း
ဓာတ်ပုံ - ကိုထိန်