(ယမန်နေ့မှအဆက်) မြန်မာနိုင်ငံသို့ပြန်လာရန် အခက်အခဲကြုံတွေ့ နေရသည့် မြန်မာနိုင်ငံသားများအရေး ဖြေရှင်း ပေးရန်အတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန် ချက်အရ မလေးရှားနိုင်ငံတွင် ငွေကြေးလိမ်လည် ခံရပြီး နေရပ်ပြန်ရန် အခက်တွေ့နေသူ မြန်မာနိုင်ငံ သား ၁၇ ဦးအား နိုင်ငံတော်မှ ကုန်ကျစရိတ် ကျခံ၍ ပြန်လည်ခေါ်ဆောင်ပေးခဲ့သဖြင့် စက်တင်ဘာ ၆ ရက်နှင့် ၂၀ ရက်တို့တွင် ပြန်လည်ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်သည်။
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ မော်တော်ယာဉ်နှင့် ဆိုင်ကယ်များ ကနဦးနှင့် နှစ်လဲသက်တမ်းတိုး မှတ်ပုံတင်လုပ်ငန်းများကို စက်တင်ဘာ ၁၃ ရက်တွင် စတင်ဆောင်ရွက်ပေးခဲ့ သည့်အပြင် ယာဉ်ထုတ်ရက်လွန် ဒဏ်ကြေး ဝန်ဆောင်မှုရပ်ဆိုင်းထားသည့် ကာလများကို လျှော့ပေါ့ပေးခြင်း၊ ယာဉ်စစ်ဆေးကင်းလွတ်ဖြင့် သက်တမ်းတိုးပေးခြင်းများကို စတင်ဆောင်ရွက် ပေးလျက်ရှိနေပြီဖြစ်သည်။ ထို့အတူမြန်မာ့မီးရထား မှ ပြည်သူများ သွားလာမှု လွယ်ကူစေရေးနှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေးအတွက် စက်တင်ဘာ ၂၃ ရက်မှစတင်၍ ရန်ကုန်နေပြည်တော် လူစီးအမြန်ရထား၊ ရန်ကုန်- ပဲခူး RBE ရထားနှစ်စင်း၊ အင်းစိန်- ဥက္ကံလမ်းပိုင်း RBE ရထားနှစ်စင်း၊ ပုသိမ်-ဟင်္သာတ-ကြံခင်းလမ်းပိုင်း လူစီးကုန်တင်ရထားသုံးစင်းတို့ကို မူလနှင့် ပေါင်းစပ်တိုးချဲ့ ပြေးဆွဲပေးခဲ့သည်။
နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြသည့် မြန်မာ့လက်ရွေးစင် အားကစားသမားဟောင်းများ၏ ဘဝနောင်ရေး အာမခံချက်ရရှိစေရေးအတွက် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ဆွေးနွေးညှိနှိုင်းလျက် ရှိပြီး ရရှိထားသည့်ဆုတံဆိပ်ပေါ် အခြေခံ၍ ပင်စင်အဖြစ်ပေးအပ်နိုင်ရေး၊ လူဦးရေစာရင်းပြုစုနိုင်ရေး၊ မသန်စွမ်းအားကစားသမားများကို ဖြည့်စွက်ထောက်ပံ့နိုင်ရေး စသည်တို့ကို စက်တင်ဘာ ၁ ရက်က ဆွေးနွေးခဲ့ကြသည်။
အကြမ်းဖက်လုပ်ရပ်များတွင် ပါဝင်ခြင်းမရှိသော ဆူပူဆန္ဒပြမှုများနှင့်စပ်လျဉ်း၍ ဖမ်းဆီး ထိန်းသိမ်းခဲ့သူ ၅၃၁၅ ဦးအား လွှတ်ပေးခဲ့ပြီး သတင်းပို့ဆက်သွယ်လာသူ ၇၀၂ ဦးတို့၏ အမှုများကို ပိတ်သိမ်း၊ ရုပ်သိမ်းပေးခဲ့ကြောင်း သိရှိရပါသည်။
ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ရသည့်တိုင်းဒေသကြီး နှင့်ပြည်နယ်များတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်း များကို နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ဒေသခံများက ဆောင်ရွက်ပေးခဲ့ကြသည်။ ထို့အတူ ရေဝင်ရောက် သည့်နေရာများတွင် အမှိုက်ပိတ်ဆို့ခြင်း၊ မြေကမ်းပါးပြိုကျခြင်းများ ကြုံရသည့် ဒေသခံများ ကိုလည်း ဘေးလွတ်ရာရွှေ့ပြောင်းခြင်း၊ ပြန်လည် တည်ဆောက်ရှင်းလင်းခြင်းများကို အချိန်မဆိုင်း ဆောင်ရွက်နိုင်ခဲ့သည်။ ထို့အတူ မသန်စွမ်းသူများ၊ ထိခိုက်လွယ်အုပ်စုဝင်များနှင့် သက်ကြီးရွယ်အိုများအတွက် လူမှုရေးပင်စင်များ ဆက်လက်ထောက်ပံ့ပေးနေသည်ကိုလည်း မြင်တွေ့ရသည်။
စီးပွားရေးကဏ္ဍ ပြန်လည်ဦးမော့ လာစေရေးကြိုးပမ်း
၃ ရက် ရက်စွဲဖြင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေအရ ပို့ကုန်တင်ပို့သူများသည် မိမိတို့ဘဏ်ငွေ စာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် ဝင်ရောက်ပြီးသည့် ပို့ကုန်ရငွေအနက် အသုံးပြု ကျန်ရှိသည့် ပို့ကုန်ရငွေများကို ပို့ကုန်ရငွေဝင်ရောက်ပြီး လေးလအတွင်း သက်ဆိုင်ရာ နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက် ကားသည့်လုပ်ငန်းလိုင်စင်ရဘဏ်များသို့ ဈေးကွက် ပေါက်ဈေးဖြင့် မပျက်မကွက်ရောင်းချရန် ထုတ်ပြန် ခဲ့သည်။ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်၏ Core Banking and Trade Finance & ERP System တို့ စတင်အသုံးပြု မိတ်ဆက်ခြင်းအခမ်းအနားကို စက်တင်ဘာ ၂၈ ရက်က ကျင်းပခဲ့သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့၌ စက်တင်ဘာ ၁၀ ရက်မှ ၁၃ ရက်အထိ ကျင်းပသည့် (၁၈)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံမှ ကုန်စည်ပြခန်း ၂၂ ခန်းဖြင့် စိုက်ပျိုးရေးထွက်ကုန်များ၊ ယွန်းထည်၊ ချည်ထည်စသည်တို့ ပါဝင်ပြသခဲ့သည်။ ပြပွဲဖွင့်ပွဲအခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက အွန်လိုင်းမှတက်ရောက်ခဲ့ပြီး တရုတ်နှင့် အာဆီယံ နိုင်ငံများက ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေး အစီအစဉ်များနှင့် လှူဒါန်းခြင်းများအတွက် ကျေးဇူးတင်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ကိုဗစ်- ၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီမှ စက်တင်ဘာ ၁၁ ရက်က ကိုဗစ်- ၁၉ ရန်ပုံငွေမှ ချေးယူထားသည့် စီးပွားရေး လုပ်ငန်းများသည် ချေးငွေပြန်ဆပ်ရန်ကာလကို ချေးငွေသက်တမ်း တစ်နှစ်ခွဲစေ့ရောက်သည့်နေ့မှ စ၍ ဒုတိယအကြိမ် နောက်ထပ်ခြောက်လထပ်မံ သက်တမ်းတိုးမြှင့်ခွင့်ရရှိကြောင်း ထုတ်ပြန်ထား သည်။ ထို့အတူ ကိုဗစ်- ၁၉ သက်ရောက်မှုကြောင့် ထိခိုက်မှုရှိသည့် မွေးမြူရေးကဏ္ဍမှ လုပ်ငန်းများ ချေးငွေလျှောက်ထားနိုင်ကြောင်း စက်တင်ဘာ ၁၁ ရက်က အသိပေးကြေညာထားသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနနှင့် မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချရေးအသင်းတို့၏ စီစဉ်မှုဖြင့် စက်သုံးဆီများကို သက်သာသည့် ဈေးနှုန်းများဖြင့် ဝယ်ယူနိုင်ရန် စက်တင်ဘာ ၂၂ ရက်က စတင်ခဲ့ကြောင်း သိရှိရသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတွင် သတ်မှတ်ထားသည့် ဈေးနှုန်းသက်သာသောနှုန်း ဖြင့်ရောင်းချမည့် ဆီဆိုင်အမည်နှင့် လိပ်စာများကိုလည်း အများပြည်သူ သိရှိနိုင်ရေးအတွက် သတင်းစာများတွင် ဖော်ပြပေးလျက်ရှိသည်။
စိုက်မွေးစီးပွားကဏ္ဍတိုးတက်ဖွံ့ဖြိုးစေရန်ကြိုးပမ်း
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ကြက်သွန်နီစိုက် တောင်သူများ၊ လုပ်ငန်းရှင် များနှင့် စက်တင်ဘာ ၁ ရက်က တွေ့ဆုံခဲ့ပြီး စတင်စိုက်ပျိုးမှုမှသည် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ဖြန့်ဖြူးနိုင်သည်အထိ ရင်းနှီးမြှုပ်နှံမှုများကို နိုင်ငံတော်မှ အားပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတို့တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ကုန်ထုတ်လုပ်မှု ရာနှုန်းပြည့်စေရေးအတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ အစိုးရ၊ တပ်မတော်နှင့် ပုဂ္ဂလိကပိုင် ဒေသတွင်း စိုက်ပျိုးမွေးမြူရေးနှင့် အခြားလူသုံး ကုန်လုပ်ငန်းများ ရာနှုန်းပြည့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခြင်း၊ လိုအပ်သည်များကို ဖြည့်တင်းပေးခြင်းတို့ကို တွေ့ရသည်။
စားသုံးဆီဖူလုံပိုလျှံရေးအတွက် အဖြေထုတ် ပေးနိုင်ခဲ့သည့် စကားဝိုင်းဆွေးနွေးပွဲတစ်ရပ်ကိုလည်း စက်တင်ဘာ ၈ ရက်က ကျင်းပခဲ့သည်။ ပြည်သူများကျန်းမာရေးနှင့် ညီညွတ်သည့် စားသုံးဆီများ သုံးစွဲနိုင်ရေးနှင့် ဆီထွက်သီးနှံထုတ်လုပ်မှု လုပ်ငန်းစဉ်များ ပိုမိုဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေပြီး မြန်မာနိုင်ငံ၏ စားသုံးဆီကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဗုဒ္ဓဟူးနေ့စကားဝိုင်းအစီအစဉ်တွင် ထည့်သွင်းထားသည်။
ကိုဗစ်ကာကွယ်ထိန်းချုပ်ကုသရေး
ကိုဗစ်- ၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် အများပြည်သူများ သိရှိလိုက်နာရန် အမိန့် ကြေညာစာများကိုလည်း နေပြည်တော်ကောင်စီနယ်မြေ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများအလိုက် ထုတ်ပြန်၍ ရောဂါကြိုတင်ကာကွယ်ရေးအစီအမံ များကိုလည်း ယခုလအတွင်း ချမှတ်နိုင်ခဲ့သည်။
စေတနာရှင်ပြည်သူများက ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ပြည်နယ် အစိုးရအဖွဲ့များထံ ကျန်းမာရေးစောင့်ရှောက်မှု စက်ပစ္စည်းကိရိယာများ၊ ဆေးဝါးနှင့် အသုံး အဆောင်များ ထောက်ပံ့လှူဒါန်းခြင်းတို့ကို စက်တင်ဘာလအတွင်းမြင်တွေ့ရသည်။ ဘုန်းတော် ကြီးကျောင်း၊ သီလရှင်စာသင်တိုက်များ အပါအဝင် ဘာသာအသီးသီးရှိ ဘာသာရေးဆိုင်ရာနေရာများ တွင် ကျန်းမာရေး စစ်ဆေးပေးခြင်းကို ယခုလအတွင်း ဒေသအသီးသီး၌ ဆောင်ရွက်လျက်ရှိသည်။ ကိုဗစ်- ၁၉ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများ ကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ဝေးလံခေါင်ဖျားသော ဒေသများမှ ဒေသခံများ၊ နေရပ်စွန့်ခွာစခန်းများတွင် ခိုလှုံနေကြသည့် အသက် ၁၈ နှစ်အထက်များကို ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်ကို မြင်တွေ့ရသည်။ ထို့ပြင် ပြည်သူလူထု၏ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ခဲ့မှု များကြောင့် ရောဂါဖြစ်ပွားမှုနှုန်း ကျဆင်းလာခြင်း၊ ကျန်းမာရေးအသိပညာများ ပေးအပ်နိုင်ခဲ့ခြင်း စသည်တို့ကြောင့် စစ်ကိုင်း၊ ပဲခူးနှင့် ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်ခြောက်မြို့နယ်အား နေအိမ်တွင် နေထိုင်ရန် အကျုံးဝင်ခြင်းမှ စက်တင် ဘာ ၂၅ ရက်တွင် ပယ်ဖျက်ပေးနိုင်ခဲ့သည်။
တိုင်းရင်းဆေးဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်။ ကုသရေးလုပ်ငန်းများ အသုံးပြုအားထားနိုင်ရေး အတွက် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန် ညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၂ ရက်က ကျန်းမာရေးဝန်ကြီးဌာနတွင် ကျင်းပခဲ့သည်။ ကိုဗစ်-၁၉ အတွက် အသုံးပြုမည့် တိုင်းရင်းဆေးဝါး ကို စနစ်တကျ သုတေသနပြုရန်အတွက် ဆေးသုတေသနဦးစီးဌာနနှင့် တပ်မတော် ဆေးသု တေသနတပ်တို့က ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဆေးခါးကြီးကဲ့သို့ ဆေးဖက်ဝင်ကုန်ကြမ်းများ လုံလောက်စွာရရှိစေရေးအတွက် ညှိနှိုင်း အဖြေရှာ ခဲ့ကြသည်ကို မြင်တွေ့ရသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ Sinopharm ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး အကြိမ်ရေ ၂၄ သန်း စာချုပ်ချုပ်ဆိုဝယ်ယူထားသည့်အနက် ကာကွယ်ဆေးအကြိမ်ရေ လေးသန်းသည် စက်တင်ဘာ ၁၂ ရက်နေ့တွင် တစ်ကြိမ်၊ စက်တင်ဘာ ၂၆ ရက်တွင် တစ်ကြိမ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ယင်းနေ့အထိ ကျန်းမာရေးဝန်ကြီးဌာနက ပြည်သူများအတွက် ဝယ်ယူထားသည့် Covidshield နှစ်သန်း၊ Sinopharm ဆယ်သန်း၊ Sinovac နှစ်သန်း စုစုပေါင်း ၁၄ သန်း Doses ရောက်ရှိခဲ့ပြီဖြစ်သည်။ ကာကွယ်ဆေးများကို ဒေသအသီးသီးသို့ မြေပြင် လမ်းကြောင်းမှလည်းကောင်း၊ တပ်မတော်လေနှင့် မြန်မာ့လေကြောင်းတို့ဖြင့် လေကြောင်းခရီးမှ လည်းကောင်း အအေးလမ်းကြောင်းမပျက် ဆက်လက်ဖြန့်ဝေ ထိုးနှံပေးလျက်ရှိပါသည်။
သတင်းနှင့်ပြန်ကြားရေး
မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို မြန်မာနိုင်ငံအခြေစိုက်သံတမန်များအား တွေ့ဆုံရှင်းလင်းပွဲကို စက်တင်ဘာ ၉ ရက်က ရန်ကုန်မြို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားစတူဒီယို (အေ)တွင် ကျင်းပသည်။ အခမ်းအနားတွင် မြန်မာ နိုင်ငံ၏ ပကတိအခြေအနေနှင့် ဖြစ်ပေါ်ပြောင်းလဲမှုများ၊ ရွေးကောက်ပွဲကော်မရှင်၏ ဆောင်ရွက်ချက်များ၊ အဓိကရုဏ်းဖြစ်ပွားမှုနှင့်အကြမ်းဖက်မှုများကို တားဆီးကာကွယ်ရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ အား ဥပဒေနှင့်အညီ ဆောင်ရွက်ရန် မှာကြားကြောင်း စသည်ဖြင့် နိုင်ငံတော်၏ ဆောင်ရွက်ချက် များကို အကောင်းအဆိုး ဝေဖန်ပိုင်းခြားနိုင်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးဆောင်သည့် ဌာနအသီးသီးမှ တာဝန်ရှိသူများက ရှင်းလင်းပြောကြားပေးခဲ့သည်။ အခမ်း အနားသို့ မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြားသံရုံးများမှ သံတမန်များ တက်ရောက်ခဲ့ကြသည်။
နိုင်ငံတော်နှင့် ပြည်သူအတွက် သတင်းမှန် ပြန်ကြားပေးနိုင်ရေး၊ နိုင်ငံပိုင်မီဒီယာများနှင့် ပုဂ္ဂလိကမီဒီယာများအကြား အပြန်အလှန် နားလည်ယုံကြည်မှုတည်ဆောက်ရေး၊ နိုင်ငံတော် နှင့်ပြည်သူအကျိုးကို ရှေးရှုပြီး ပူးပေါင်းဆောင်ရွက် မှုနှင့် လုပ်ဆောင်နိုင်မည့် ကိစ္စရပ်များ၊ မီဒီယာ သမားများအတွက် အချိန်မီ သတင်းပြန်ကြားပေး နိုင်ရေးအစီအမံများ စသည့် ကောလာဟလနှင့် မဟုတ်မမှန်သတင်းများကို ဟန့်တားနိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ပြည်တွင်းပြည်ပမီဒီယာများနှင့် တွေ့ဆုံခြင်း အခမ်းအနားကို စက်တင်ဘာ ၃၀ ရက်က ပြန်ကြားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်း ထုတ်ပြန်ရေးအဖွဲ့ မှ စက်တင်ဘာ ၈ ရက် သတင်း ထုတ်ပြန်ချက်တွင် အကြမ်းဖက်အဖွဲ့ NUG မှ အရေးပေါ်ကြေညာချက်ထုတ်ပြန်ခြင်းသည် ပြည်သူ လူထု၏ လူမှုစီးပွားဘဝများနှင့် နိုင်ငံတော်၏ တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားအောင် အကြမ်း ဖက်လှုံ့ဆော်လာခြင်းဖြစ်ကြောင်း၊ EAOs တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့၏ စက်တင်ဘာ ၇ ရက်တွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးမှုများကို သတင်းထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။ တပ်မတော်၏ ယနေ့အထိ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် လုပ်ဆောင်ချက်များကိုလည်းကောင်း၊ နယ်စပ်ဒေသများတွင် ပြည်သူ့ကျန်းမာရေး၊ ပညာရေးနှင့် ဖွံ့ဖြိုးရေးတို့ ဆောင်ရွက်လျက်ရှိသည့် စီမံချက်များ၊ အဖွဲ့အစည်းများမှ NUG ၏ အကြမ်းဖက် လှုံ့ဆော်ကြေညာမှုအပေါ် ကန့်ကွက်မှုများ စသည်တို့ကို ထည့်သွင်းဖော်ပြထားပြီး အဖွဲ့အစည်းအားလုံးနှင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ကိုဗစ်- ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များ တစ်နိုင်ငံလုံး လွှမ်းခြုံစေရန်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တိုးတက်မှုရှိရန်နှင့် လူမှုစီးပွားဘဝများလုံခြုံ တိုးတက်မှုရှိစေရန် အတွက် ဝိုင်းဝန်းပူးပေါင်းပေးကြရန် တိုက်တွန်းထားသည်။
ငွေစက္ကူများကို ဖျက်သိမ်းရန်မရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ပြည်သူများသို့ အသိပေးချက်ကို စက်တင်ဘာ ၁၆ ရက်က ထုတ်ပြန်ခဲ့ သည်။ ငွေကျပ် ၅၀၀၀ တန်၊ ၁၀၀၀၀ တန် ငွေစက္ကူများကို စက်တင်ဘာ ၁၆ ရက်တွင် တရားဝင်ငွေစက္ကူ အဖြစ်မှ ရုပ်သိမ်းသည်ဟူသည့် ကြော်ငြာစာအတု နှင့်ပတ်သက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း က စက်တင်ဘာ ၁၆ ရက်က ပြန်လည်ဖြေကြားထားပြီး ယင်းကြော်ငြာစာမှာ အတုသာ ဖြစ်ပြီး ပြည်သူလူထု မယုံကြည်ကြရန် ဖြေကြားထားခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်) အတိုင်း တိကျစွာ လိုက်နာဆောင်ရွက်နေပြီး ပုဒ်မ ၃၆ ပုဒ်မခွဲ(င)အရ တရားဝင်ထုတ်ဝေထားသည့် ငွေကြေးများအား တရားမဝင်ငွေကြေးအဖြစ် သတ်မှတ်ခြင်းမပြုလုပ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြောကြားခဲ့သည်။
သတင်းပြန်ကြားရေးကဏ္ဍ၊ ပြည်သူများ အသိ ပညာမြင့်မားရေး၊ ပြည်သူ့ဆက်ဆံရေးနှင့် ပြည်သူ့ ဝန်ဆောင်မှုများကို ပိုမိုအားဖြည့်လုပ်ဆောင်နိုင်ရန် ပြန်ကြားရေးဝန်ကြီးဌာနသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်းကို စက်တင်ဘာ ၁၇ ရက်က လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြပြီး အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းက မိမိတို့ဝန်ကြီးဌာနသည် အလွှာအသီးသီး၊ နယ်ပယ်အသီးသီးနှင့် ထိတွေ့ ဆက်ဆံဆောင်ရွက်ရသည့်အတွက် ပြည်သူများ စိတ်ကျေနပ်မှုရရှိစေမည့် ဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန်၊ ပြည်သူ၏ အသိအမှတ်ပြုမှုရရှိအောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း မှာကြားခဲ့ သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ၉/၂၀၂၁ သတင်းစာရှင်းလင်းပွဲ အခမ်းအနားကို စက်တင်ဘာ ၃၀ ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ကျင်းပခဲ့သည်။ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း က ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ချက် အစီအမံများ၊ အကြမ်းဖက်လုပ်ရပ်ဖြင့် နိုင်ငံမငြိမ်သက် အောင်လုပ်ဆောင်နေမှု အခြေအနေနှင့် ဖမ်းဆီးရမိသူများ၏ ဝန်ခံပြောကြားချက်များကို ရုပ်သံ မှတ်တမ်းများဖြင့် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ဆောင်ရွက်ပြီးစီးသည့်လုပ်ငန်းများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် တာဝန်ရှိသူများက သတင်းထောက်များ၏ မေးမြန်းမှုများအပေါ် ပြန်လည်ဖြေကြားပေးခဲ့သည်။
ယခုဆိုလျှင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို လွှဲပြောင်း၍ ရည်မှန်းချက်၊ ဦးတည်ချက်များနှင့်အညီ ဦးလည်မသုန်ဆောင်ရွက်၍ နိုင်ငံတော်နှင့် ပြည်သူ အကျိုးအတွက် ဖြည့်ဆည်းပေးလျက်ရှိသည်မှာ ရှစ်လတာ ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။ လာမည့် အနာဂတ်အတွက် အစိုးရနှင့် ပြည်သူပူးပေါင်း၍ ငြိမ်းချမ်းသာယာဝပြောသည့် နိုင်ငံတော်ကြီးဆီသို့ အမြန်ဆုံးရောက်ရှိမည်ဟု ယုံကြည်မိပါကြောင်း။ ။
ကနောင်