နေပြည်တော် အောက်တိုဘာ ၁၃
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့်စားသုံးသူပြည်သူများ သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေဖြင့် မှာယူတင်သွင်းခဲ့သည့် စားအုန်းဆီများကို တစ်ပိဿာလျှင် လက်ကားဈေး (၃၇၀ဝိ/-) ကျပ်နှုန်းဖြင့် စက်တင်ဘာ ၂၀ ရက်မှ စတင်ရောင်းချလျက်ရှိရာ ယနေ့ထိ ရန်ကုန်တိုင်းဒေသကြီး ၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့အတွက် စားအုန်းဆီ(၇,၄၀၁,၁၇၂)ပိဿာ၊ တန်ချိန် (၁၂,၀၉၃) တန်ရောင်းချခဲ့ပြီးဖြစ်သည်။
ရန်ကုန်မြို့အတွင်းရှိ စားသုံးသူများ အတွက်အသင်း၏ အစီအစဉ်ဖြင့်ရပ်ကွက်များသို့ ဈေးကားများဖြင့် လှည့်လည် ရောင်းချပေးလျက်ရှိပြီး ကျန်တိုင်းဒေသကြီး/ ပြည်နယ်များသို့လည်း ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ စားအုန်းဆီများကို လက်ကားဝယ်ယူရောင်းချသူများ အနေဖြင့် လက်လီအရောင်းဆိုင်များတွင် အသားတင် အကျိုးအမြတ် (၂ ရာခိုင်နှုန်း) ထက် မပိုသည့်ဈေးနှုန်းဖြင့် စားသုံးသူပြည်သူများသို့ ပြန်လည်ဖြန့်ဖြူးရောင်းချသွားရမည်ဖြစ်ကြောင်းနှင့် စားသုံးသူ ပြည်သူများသို့ လက်လီ/ လက်ကား ဖြန့်ဖြူးရောင်းချပေးမည့် လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ အမှတ်(၁၀၄/၁၀၈) ကမ်းနားလမ်း၊ လွတ်လပ်ရေးရပ်ကွက် (ဆင်မင်းအိမ်ယာဓမ္မာရုံရှေ့) အလုံမြို့နယ်၊ ဖုန်းအမှတ်၊ ၀၉၄၄၄၄၃၇၂၉၅၊ ၀၉၄၀၁၅၂၇၀၄၉နှင့် ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဉီးစီးဌာန ၀၁၂၅၀၂၇၀၊ ၀၉၄၃၆၆၆၆၆၈ တို့သို့ ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရသည်။
(သတင်းစဉ်)