နေပြည်တော် အောက်တိုဘာ ၁၃
အခြေခံပညာအလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိစေရန်နှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အလျင်အမြန်ရရှိလာစေရေးအတွက် ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် - ၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးလျက်ရှိသည်။
ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးနှံပေးနေမှုနှင့် စပ်လျဉ်း၍ နေပြည်တော် ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမွန်ကျော်မြင့်က “အခြေခံပညာကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနဲ့ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းတွေမှာရှိတဲ့ အသက် ၁၂ နှစ်နဲ့အထက် ကျောင်းသား၊ ကျောင်းသူတွေအားလုံး ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိပါတယ်။ အခုဆေးထိုးရတဲ့ ရည်ရွယ်ချက်ကတော့ ကိုဗစ်-၁၉ ကမ္ဘာ့ ကပ်ရောဂါကြောင့် အခြေခံကျောင်းတွေကို ပိတ်ထားခဲ့ရတာ တစ်နှစ်ကျော်ရှိသွားပြီ ဖြစ်တဲ့အတွက် နိုင်ငံတော်အစိုးရအနေနဲ့ ကျောင်းတွေအမြန်ပြန်လည် ဖွင့်လှစ်နိုင်ပြီး ကိုဗစ်-၁၉ ရောဂါကင်းစင်စွာနဲ့ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကာကွယ်ဆေး ထိုးနှံပေးရခြင်းဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးနှံပေးရာမှာ ကျောင်းသားတွေရဲ့ မိဘအုပ်ထိန်းသူတွေ သဘောတူညီချက်ရယူပြီး သဘောတူညီချက်ရတဲ့ ကျောင်းသား ၊ကျောင်းသူတွေကို ဦးစားပေးထိုးနှံပေးနေတာဖြစ်ပါတယ်။ မိဘ၊ အုပ်ထိန်းသူတွေရဲ့ သဘောတူညီချက် မရရင်တော့ ကာကွယ်ဆေးမထိုးပေးပါဘူး။ ကာကွယ်ဆေး မထိုးထားပေမယ့်လည်း ကျောင်းတက်ရောက်ခွင့်တော့ ပေးမှာဖြစ်ပါတယ်။ ဆေးထိုးနှံ ပေးနေတာ ၂ ရက်ရှိပါပြီ၊ ကျောင်းသား မိဘတွေကလည်း ယုံကြည်ချက်အပြည့်နဲ့ ပူးပေါင်းပါဝင်ပေးတဲ့အတွက် ဘာအခက်အခဲမှမရှိပါဘူး” ဟုပြောသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းကို အောက်တိုဘာ ၁၂ ရက်မှ စတင်၍ ထိုးနှံပေးလျက်ရှိပြီး နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဇဗ္ဗူသီရိမြို့နယ်၊ ဒက္ခိဏ သီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်နှင့် တပ်ကုန်းမြို့နယ် တို့ရှိ အခြေခံပညာကျောင်း၊ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းနှင့် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်း ၄၉၆ ကျောင်းတွင်ရှိသည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၈၃၉၆၉ ဦးအား ကာကွယ်ဆေး ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
“နိုင်ငံတော်အစိုးရအနေနဲ့ ကာကွယ်ဆေးထိုးတဲ့ အစီအစဉ်တွေကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆောင်ရွက်ပေးနေတာဖြစ်တဲ့အတွက် သတ်မှတ်ထားတဲ့ရက်ထက် စောနိုင်သမျှစောအောင် စီစဉ်ဆောင်ရွက်နေပါတယ်။ အသက် ၁၂ နှစ်နဲ့ အထက် ကျောင်းသား၊ ကျောင်းသူတွေကို ကာကွယ်ဆေးထိုးပေးနေတဲ့အချိန်မှာ ကျောင်းသား၊ ကျောင်းသူတွေအားလုံး လာရောက်ထိုးနှံကြဖို့ တိုက်တွန်းလိုပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေ ကာကွယ်ဆေးထိုးဖို့အတွက် ကျောင်းသားတွေရဲ့ မိဘနဲ့ အုပ်ထိန်းသူတွေကလည်း ပူးပေါင်းပါဝင်ပေးဖို့ အရေးကြီးပါတယ်။ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးတဲ့အခါမှာလည်း ကိုဗစ်လမ်းညွှန်မှုများနဲ့ ကိုက်ညီမှုရှိအောင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ သက်ဆိုင်ရာကျန်းမာရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနဲ့ NGO အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ကျောင်းသားတွေအပြင် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးမထိုးနှံရသေးတဲ့ ဆရာ၊ ဆရာမတွေနဲ့ သူတို့ရဲ့ မှီခိုမိသားစုဝင်တွေကိုလည်း ထိုးနှံပေးသွားဖို့ စီစဉ်ထားပါတယ်” ဟု ဦးမွန်ကျော်မြင့် က ဆက်လက် ပြောကြားသည်။
နေပြည်တော်ကောင်စီနယ်မြေအတွင်း မြို့နယ်များအလိုက် ဆေးထိုးနှံရန် သတ်မှတ်ထားသည့် စုရပ်နေရာများ၌ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများကို နေ့ရက်အလိုက် သတ်မှတ်ထားသည့် လူဉီးရေစာရင်းအတိုင်း ကျန်းမာရေးဝန်ထမ်းများက ကိုဗစ် - ၁၉ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးမည့် စုရပ်နေရာများ၌လည်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးအတွက် လက်ဆေးဘေစင်များထားရှိ၍ လက်ဆေးစေခြင်း Mask နှင့် Face Shield များ ဝေငှခြင်း၊ ဆေးထိုးရန် လာရောက်သည့် ကျောင်းသား၊ ကျောင်းသူများအား ကိုယ်အပူချိန် တိုင်းတာပေးခြင်းတို့ကို တာဝန်ကျကျန်းမာရေးနှင့် ပညာရေးဝန်ထမ်းများ က ဆောင်ရွက်ပေးကြပြီး ပညာပေးဗီနိုင်း ဆိုင်းဘုတ်များကိုလည်း ကျောင်းတွင်း၊ ကျောင်းပြင် ချိတ်ဆွဲထားရှိကာ အသိပညာပေးမှုများ ဆောင်ရွက်ထားသည်ကို တွေ့ရသည်။
ကာကွယ်ဆေးထိုးနှံပြီးသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း နောက်ဆက် တွဲလက္ခဏာများ ဖြစ်ပေါ်မှု ရှိ၊မရှိ သီးသန့်အခန်းများတွင် နာရီဝက်စောင့်ကြည့်ပြီး ကျန်းမာရေးချို့ယွင်းမှု တစ်စုံတစ်ရာဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီ ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အဝပေးနိုင်ရန် ဆောင်ရွက်ထားသည်ကိုလည်း တွေ့ရသည်။
ထို့ပြင် ဆေးထိုးနှံမည့် ကျောင်းသား၊ ကျောင်းသူများ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် သွားလာနိုင်စေရန် School Bus များ စီစဉ်ပေးထားပြီး ဆေးထိုးစုရပ် ကျောင်းပတ်ဝန်းကျင် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့များက လုံခြုံရေး ဆောင်ရွက်ပေးသည်ကို တွေ့ရှိရသည်။
သတင်း - ဟန်မင်း၊ ဓာတ်ပုံ - ကိုကိုအေး