ရန်ကုန် အောက်တိုဘာ ၁၃
ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဆွေသည် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများ လိုက်ပါလျက် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များက ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၀ ရက်မှ ၁၄ ရက်အထိ ရေးဖြေအောင်မြင်သူ ၈၂ ဦးတို့အား ရန်ကုန်မြို့၌ လူတွေ့စစ်ဆေးဆောင်ရွက်နေမှုတို့ကို လိုက်လံကြည့်ရှု စစ်ဆေးသည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့က ကြော်ငြာစာအမှတ် (၃/၂၀၂၀)ဖြင့် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း ၁၀ ခုတို့မှ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့် လစ်လပ်ရာထူး ၁၉၅ နေရာအတွက် ရေးဖြေစာမေးပွဲကို ၂၀၂၁ ခုနှစ် ဇွန် ၂၆ ရက်နှင့် ၂၇ ရက်များတွင် စာစစ်ဌာန ငါးခု၌ကျင်းပခဲ့ရာ ဖြေဆိုသူ ၈၁၄ ဦးမှ ရေးဖြေအောင်မြင်သူ ၂၅၀ ဦးအား လူတွေ့စစ်ဆေးခြင်းများကို နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များတွင် သုံးနေရာခွဲ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးစည်းကမ်းချက်များနှင့် အညီ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေဖြင့် ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်ရာထူး ၁၉၅ နေရာအတွက် ရေးဖြေအောင်မြင်သူ ၁၀၅ ဦးတို့အား ၃၀-၉-၂၀၂၁ ရက်မှ ၄-၁၀-၂၀၂၁ ရက်အထိ နေပြည်တော်တွင်လည်းကောင်း၊ ရေးဖြေအောင်မြင်သူ ၆၃ ဦးတို့အား ၅-၁၀-၂၀၂၁ ရက်မှ ၈-၁၀-၂၀၂၁ ရက်အထိ မန္တလေးမြို့တွင်လည်းကောင်း လူတွေ့စစ်ဆေးခြင်း တို့ကိုလည်း ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)