ဦးနေမျိုးထွန်း
(မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဇမ္ဗူသီရိမြို့နယ်)
ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ် - ၁၉ ရောဂါကာကွယ် ဆေးထိုးကြပါစို့ ဟူသည့် ဆောင်ပုဒ်အတိုင်းတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျောင်းသား ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံပေးပြီး ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိသည်။ ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်း၊ ဘုန်းတော်ကြီးသင်ပညာ ရေးကျောင်းနှင့် ပုဂ္ဂလိကကျောင်းများရှိ ကျောင်းသား ကျောင်းသူများအား ဦးစားပေးအစီအစဉ်အလိုက် ထိုးနှံပေးမည်ဖြစ်သည့်အတွက် ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ် ရှစ်မြို့နယ်၌ အခြေခံပညာ အလယ်တန်းနှင့် အထက်တန်း ကျောင်းသားကျောင်းသူများကို ကိုဗစ် - ၁၉ ကာကွယ်ဆေး (Sinovac) စတင်ထိုးနှံပေးနေပြီ ဖြစ်ရာ ဆေးထိုးစုရပ်နေရာများ၌ ရောက်ရှိနေကြသည့် ပညာရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများ၊ အုပ်ချုပ်ရေးအဖွဲ့ အစည်းများနှင့် ကျောင်းသား မိဘများကို တွေ့ဆုံ၍ ဆေးထိုးနှံပေးမှုနှင့် စပ်လျဉ်းသည့် ရင်တွင်းခံစားချက်များကို မေးမြန်း ရေးသား ဖော်ပြလိုက်ရပါသည်။
ဦးနေမျိုးထွန်း (မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဇမ္ဗူသီရိမြို့နယ်)
ကျောင်းသား ကျောင်းသူတွေရဲ့ ပညာသင်ယူမှု အခွင့်အလမ်းရရှိစေဖို့ စီစဉ်ဆောင်ရွက်ခဲ့ပါတယ်။ ဒီလို ဆောင် ရွက်တဲ့အခါမှာ မြို့နယ်ပညာရေးမှူး၊ ပရဟိတအဖွဲ့အစည်း၊ လူမှုရေးအသင်း အဖွဲ့တွေနဲ့ ပူးပေါင်းပြီး စီမံချက်ရေးဆွဲ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ မြို့နယ်အတွင်းမှာတော့ ကျောင်းသား ကျောင်းသူပေါင်း၆၈၈၇ ဦး ရှိပါတယ်။ ဒါကြောင့်ကျောင်းအလိုက်နေ့ရက် တွေသတ်မှတ်ပြီး ဆေးထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။ ဇမ္ဗူသီရိမြို့နယ်မှာတော့ စုရပ်တစ်ခုတည်းမှာပဲ ဆေးထိုးဖို့ စီစဉ်ထားပါတယ်။ ဆေးထိုးရာမှာ သက်ဆိုင်ရာ ဦးစားပေးအဆင့်အလိုက် ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ အခြေခံပညာကျောင်းတွေ ထိုးပြီးမှ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း တွေကို ထိုးနှံပေးပါမယ်။ နောက်ဆုံး အနေနဲ့က ပုဂ္ဂလိကကျောင်းတွေကို ထိုးနှံပေးမှာ ဖြစ်ပါတယ်။ ကျွန်တော့် မြို့နယ်မှာ အခြေခံပညာအထက်တန်း ကျောင်းကိုးကျောင်း၊ အလယ်တန်းကျောင်းရှစ်ကျောင်းရှိပါတယ်။ ဆေးထိုးဖို့ကတော့ ဒီနေ့ကစပြီး အောက်တိုဘာ ၂၆ အထိ လျာထားပါတယ်။
ကျောင်းသား ကျောင်းသူတွေကို ဆေးမထိုးခင် လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ပညာရေးမှူးရုံး၊ ကျောင်းအုပ်ကြီးတွေ၊ ဆရာ၊ ဆရာမ တွေပူးပေါင်းပြီး အသိပညာပေးတာတွေ၊ လက်ကမ်းစာစောင်တွေ ဖြန့်ဝေပေးတာတွေ၊ အသံချဲ့စက်နဲ့ အသိပေးတာတွေ ပြုလုပ်ပါတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူး တွေကနေတစ်ဆင့်လည်း အသိပေးတာ တွေရှိပါတယ်။ နောက် ကျောင်းသားကျောင်းသူတွေ ပညာသင်ယူခွင့် အခွင့်အလမ်းရရှိစေရေးနဲ့ ပတ်သက်တဲ့ ဗီနိုင်းတွေ၊ ကာကွယ်ဆေးထိုးနှံရေးနဲ့ ပတ်သက် တဲ့ ဗီနိုင်းတွေကို စိုက်ထူပေးပါတယ်။
နောက်ပြီး မိဘတွေ သဘောတူညီချက် စာရွက်ကိုလည်း မိဘတွေကိုယ်တိုင် ဖတ်ရှုပြီး ဆေးရဲ့ အကျိုးကျေးဇူးကို နားလည် သဘောပေါက်စေပါတယ်။ ဒီလိုဆောင်ရွက်ပြီးမှ ကလေးတွေ အတွက်ထိုးသင့်တယ်ဆိုတဲ့ မိဘတွေရဲ့ သဘောတူညီချက်လက်မှတ်ရေးထိုးပြီးမှ ထိုးနှံပေးတာ ဖြစ်ပါတယ်။ ဆေးထိုးနှံ ရာမှာလည်း ကိုဗစ် - ၁၉ ကာကွယ်ရေး လမ်းညွှန်ချက်တွေအတိုင်း ပြင်ဆင် ဆောင်ရွက်ထားပါတယ်။ ကျောင်းသား ကျောင်းသူတွေရဲ့ ရောဂါခုခံကာကွယ်ရေး၊ ပညာသင်ယူမှု အခွင့်အလမ်းရရှိရေး နဲ့ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးပေးပါ။ ကိုဗစ် - ၁၉ နည်းလမ်းတွေနဲ့အညီ နေထိုင်ကြပါလို့ အကြံပြုတိုက်တွန်းလိုပါတယ်။
ဒေါက်တာ စည်သူ(နေပြည်တော် ဒုတိယ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး)
အခုထိုးမယ့် ကာကွယ်ဆေးအမျိုးအစားက Sinovac လို့ခေါ်တဲ့ အမျိုးအစား ဖြစ်ပါတယ်။ ဒီဆေးကကမ္ဘာ့ကျန်းမာရေးအဖွဲ့ သတ်မှတ်ထားတဲ့ အရေးပေါ်သုံးစွဲ လို့ရတဲ့ ကာကွယ်ဆေးများ စာရင်းထဲမှာလည်း ပါဝင်ပြီးသား ဖြစ်ပါတယ်။
ကျောင်းသား ကျောင်းသူနှစ်ယောက်ကို ဆေးတစ်လုံးနှုန်းနဲ့ ထိုးမှာဖြစ်ပါတယ်။ အခု ပထမအကြိမ် ထိုးနှံပေးပြီးတဲ့နောက် လေးပတ်ခြားပြီး ဒုတိယအကြိမ် ပြန်လည်ထိုးနှံပေးမှာ ဖြစ်ပါတယ်။ ဒီဆေးက ကျွန်တော်တို့ဆီမှာမှ စတင်ထိုးနေတာမဟုတ်ပါဘူး။ တရုတ်နိုင်ငံမှာဆိုရင် ကလေးသူငယ်ဦးရေ သန်း ၆၀ ကျော်ကို ထိုးနှံပြီးသားဖြစ်ပါတယ်။
ဆေးရဲ့ ပြင်းထန်ဘေးထွက်ဆိုးကျိုး အန္တရာယ်ကတော့ လူဦးရေ ၁၀ သိန်းမှာ တစ်ယောက်လောက်ပဲ ဖြစ်နိုင်တဲ့ ပမာဏ ရှိပါတယ်။ အခုလက်ရှိအထိလည်း ဘေးထွက်ဆိုးကျိုးခံစားထားရတာ မရှိပါဘူး။
ဆေးထိုးရခြင်းရည်ရွယ်ချက်ကတော့ ကျောင်းသား ကျောင်းသူတွေဆိုတာ လူအစုလိုက် တစ်နေရာတည်းမှာ တက်နေတဲ့ အုပ်စုတွေဖြစ်ကြပါတယ်။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် ကူးစက်မှုမြန်နိုင်ပါတယ်။ ဆေးထိုးလိုက်ခြင်းအားဖြင့် ကျောင်းသား ကျောင်းသူတွေ အချင်းချင်း ကူးစက်မှု လျော့ကျသွား နိုင်တာပေါ့။ နောက်တစ်ခါ ကျောင်းသားကျောင်းသူတွေကနေ အိမ်ကမိသားစုဝင်တွေကို ကူးစက်နိုင်မှု လျော့ကျသွားနိုင်တာပေါ့။ ဒီလိုလျော့ကျသွားရင် ကျောင်း တွေပြန်ဖွင့်ပြီး ကလေးတွေဟာ မူလအတိုင်း ပညာသင်ကြားနိုင်ဖို့အတွက် ရည်ရွယ်ပြီး ဆေးထိုးနှံပေးတာ ဖြစ်ပါတယ်။ ဒီဆေးထိုးဖို့အတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီရဲ့ လမ်းညွှန်ချက်အရ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ဆေးတွေရရှိဖို့ကြိုးစားပြီး ကျောင်းသား ကျောင်းသူတွေကို အခမဲ့ ထိုးနှံပေးထားတာ ဖြစ်ပါတယ်။ ဒါကြောင့် အနာဂတ် မျိုးဆက်ရင်သွေး ရတနာတွေ မကျန်ရှိရအောင် လာရောက်ထိုးနှံပါလို့ တိုက်တွန်း နှိုးဆော်လိုပါတယ်။
ဦးအောင်လွင်(လယ်ဝေးမြို့နယ် ပညာရေးမှူး)
လယ်ဝေးမြို့နယ်မှာ ကာကွယ်ဆေးထိုးမယ့်ကျောင်း စုစုပေါင်း ၁၃၇ကျောင်း ရှိပါတယ်။ ဒီနေ့က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း တစ်ခုတည်းမှာ အထက်တန်း ကျောင်းသား ကျောင်းသူ ဦးရေ ၁၀၀ ကို ထိုးနှံပေးတာပါ။ နောက်နှစ်ရက်အထိ ဒီကျောင်းမှာပဲ ကျောင်းသား ကျောင်းသူဦးရေ ၁၀၀ ဆက်ထိုးသွားမှာ ဖြစ်ပါတယ်။ အောက်တိုဘာ ၁၅ ရက်မှာတော့ လယ်ဝေးမြို့နယ် ထဲမှာရှိတဲ့ ကျောင်းငါးကျောင်းမှာ ဆက်လက်ထိုးနှံမှာ ဖြစ်ပါတယ်။ လတ်တလောတော့ အရေအတွက် ဘယ်လောက်ထိုးမယ်ဆိုတာ မသိရသေးပါဘူး။ ဆေးထိုးတဲ့အခါမှာလည်း ဆေးထိုးမယ့် ကျောင်းသား ကျောင်းသူရဲ့ မိဘ သို့မဟုတ် အုပ်ထိန်းသူက ဆေးထိုးတာကို သဘောတူကြောင်း လက်မှတ်ထိုးစေ ပြီးမှသာ ဆေးထိုးပေးခြင်း ဖြစ်ပါတယ်။
ဆေးထိုးဖို့ အသိပညာပေးမှုအနေနဲ့ ရေဒီယို၊ သတင်းစာတွေကလည်း ကြေညာပေးနေပါတယ်။ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနကလည်း လက်ကမ်းစာစောင်လေးတွေ ဝေပေးပြီး အသိပညာပေးပါတယ်။ ကျောင်းဝင်းအတွင်းမှာ ဗီနိုင်းတွေနဲ့ ကလေးတွေဆေးထိုးဖို့ အစီအစဉ် တွေကိုလည်း မိဘတွေသိအောင် ကြေညာပေးထားပါတယ်။ ဆေးထိုးပြီးတဲ့ ကလေးတွေ အတွက်လည်း နာရီဝက်နားဖို့ နားနေဆောင်တွေ သီးသန့်ထားရှိပါတယ်။ နားနေရင်း ရုတ်တရတ် ကျန်းမာ ရေးချို့ယွင်းလာခဲ့ရင်လည်း ကျန်းမာရေးစောင့်ရှောက်ခန်းတွေ ထားရှိပါတယ်။ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနဲ့ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းတွေကိုလည်း ဆေးထိုးပေးဖို့ အစီအစဉ်ရှိပါတယ်။ အဲ့ဒီအတွက်လည်း စာရင်းတွေကောက် ယူထားပြီးပါပြီ။
မယွန်းနဒီ (အထက်တန်းကျောင်းသူ)
သမီးက ၁၀ တန်းတက်နေတာပါ။ ဆေးထိုးဖို့အတွက် ကျောင်းကဆရာမက ဖုန်းဆက်ပါတယ်။ ဆေးမထိုးခင် သမီးတို့ကို ကျန်းမာရေးစစ်ဆေးပေးပါတယ်။ အခုလိုဆေးထိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ သမီးတို့ ကျောင်းလည်း ပြန်တက်ရတော့မယ်ဆိုတော့ ဝမ်းသာပါတယ်။ ကျောင်းကသူငယ်ချင်းတွေနဲ့ ဆရာ ဆရာမတွေကိုလည်း အမြန်ဆုံးတွေ့ချင်လှပြီ။ ဆေးမထိုးရသေးတဲ့ သူငယ်ချင်းတွေနဲ့ ညီမလေး၊ မောင်လေးတွေကိုလည်း ဆေးအမြန်ဆုံး ထိုးကြပါလို့ တိုက်တွန်းလိုပါတယ်။
ဒေါ်တင်တင်ဦး (မိဘအုပ်ထိန်းသူ)
အခုလိုဆေးထိုးပေးတာ ကျွန်မ သိပ်ဝမ်းသာပါတယ်။ ကလေးတွေ ကျောင်းမတက်ရတော့ စာလည်း နောက်ကျပါတယ်။ အခုဆေးထိုးပြီးရင် ကျောင်းပြန်တက်ရတော့မယ် ဆိုတော့ ကျန်းမာရေး အတွက်လည်း စိတ်ချရပါပြီ။
ကျောင်းပြန်တက်ရရင်လည်း ပုံမှန်လုပ်နေကျ လက်ဆေးတာ၊ Mask တပ်တာတို့ကို ဆက်ပြီး ဂရုစိုက်ခိုင်းမှာပါ။ ဆေးမထိုးရသေးတဲ့ သားသားမီးမီးတွေကိုလည်း ဆေးထိုးကြလို့ပြောချင်ပါတယ်။
မောင်ဟိန်းထက်ဦး (အထက်တန်းကျောင်းသား)
ကျွန်တော်က ၁၀ တန်းကျောင်းသားပါ။ အခုလိုနိုင်ငံတော်အစိုးရက ကျွန်တော် တို့လို အသက် ၁၂ နှစ်နဲ့အထက် ကျောင်းသား ကျောင်းသူတွေကို ဆေးထိုးပေးလို့ ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ ကျောင်းပြန်တက်ချင်နေပါပြီ။ အိမ်မှာ စာတွေ လေ့လာနေပေမယ့် မသိနားမလည်တာရှိရင် ဆရာ ဆရာမ တွေကိုစာမေးဖို့ အခက်တွေ့ပါတယ်။ ဆေးထိုးပြီးရင် ကျောင်းပြန်တက်ရတော့မယ်ဆိုတော့ ဝမ်းသာပါတယ်။ ကျွန်တော်တို့ စာတွေပိုပြီးလေ့လာလို့ ရပါပြီ။ ဆေးမထိုးရသေးတဲ့ သူငယ်ချင်းတွေ ကိုလည်း ဆေးထိုးဖို့ တိုက်တွန်းချင်ပါတယ်။
တွေ့ဆုံမေးမြန်း- အောင်သန့်
ဓာတ်ပုံ - ကိုကိုအေး