Skip to main content

(၁၄) ကြိမ်မြောက် အာဆီယံနှင့် အရှေ့အာရှ စီးပွားရေးသုတေသနဌာန အုပ်ချုပ်မှုဘုတ်အဖွဲ့ အစည်း အဝေးကျင်းပ

နေပြည်တော် အောက်တိုဘာ ၁၂

(၁၄) ကြိမ်မြောက် အာဆီယံနှင့် အရှေ့အာရှ စီးပွားရေးသုတေသနဌာန (ERIA) အုပ်ချုပ်မှုဘုတ်အဖွဲ့ အစည်း အဝေးကို ယနေ့ မွန်းလွဲပိုင်းက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ မြန်မာနိုင်ငံ၏ အီးအာရ်အိုင်အေအုပ်ချုပ်မှု ဘုတ်အဖွဲ့ဝင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်း အောင်ကျော်သည် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှ ပါဝင်တက်ရောက်သည်။

အစည်းအဝေးတွင် ဘရူနိုင်းနိုင်ငံ ဘဏ္ဍာရေးနှင့် စီးပွားရေး ဝန်ကြီးဌာန၊ စီးပွားရေး စီမံကိန်း နှင့် စာရင်းအင်းဌာန ညွှန်ကြားရေး မှူးချုပ်နှင့် အီးအာရ်အိုင်အေ အုပ်ချုပ်မှုဘုတ်အဖွဲ့၏ ဥက္ကဋ္ဌ Mrs. Hajah Mariah Haji Yahya က အစည်းအဝေးသဘာပတိအဖြစ် ဆောင်ရွက်၍ အီးအာရ် အိုင်အေ အုပ်ချုပ်မှု ဘုတ်အဖွဲ့ဝင် များဖြစ်သည့် အာဆီယံနိုင်ငံများ၊ သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊ နယူးဇီလန်နိုင်ငံ တို့ကဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူး ချုပ်များနှင့် ကျွမ်းကျင်ပညာရှင်များ၊ အီးအာရ်အိုင်အေ အကြံပေးကောင်စီအဖွဲ့ဝင်များ၊ အာဆီယံ အတွင်းရေးမှူး ချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေး၌ သဘာပတိ အဖြစ် ဆောင်ရွက်သော အီးအာရ် အိုင်အေ အုပ်ချုပ်မှုဘုတ်အဖွဲ့၏ ဥက္ကဋ္ဌ Mrs. Hajah Mariah Haji Yahya၊ အီးအာရ်အိုင်အေ သုတေသနဌာန၏ President ဖြစ်သူ Professor Hidetoshi Nishimura နှင့် အာဆီယံအတွင်းရေးမှူးချုပ် Dato Paduka Lim Jock Hoi တို့က အမှာစကား ပြောကြားကြသည်။ အစည်းအဝေးတွင် အီးအာရ်အိုင်အေ အုပ်ချုပ်မှု ဘုတ်အဖွဲ့၏ ဥက္ကဋ္ဌအသစ်အဖြစ် ဖိလစ်ပိုင်နိုင်ငံ Ateneo Center for Economic Research and Development (ACERD) ၏အကြီးတန်းသုတေသနပညာရှင်နှင့် Ateneo de Manila University ၏ စီးပွားရေးပါမောက္ခ Professor Dr. Cielito F. Habito အား ရွေးချယ်ခဲ့သည်။

ဆက်လက်၍ အီးအာရ်အိုင်အေ၏ Chief Economist၊ Prof. Fukunari Kimuram ကိုဗစ်-၁၉ အလွန်ကာလတွင် ကမ္ဘာတစ်ဝန်းလုံးနှင့် ဒေသတွင်း စီးပွားရေးအပေါ် သက်ရောက်နိုင်သည့် အခြေအနေများကို လည်းကောင်း၊ Senior Policy Fellowi Prof. Jun က အရှေ့အာရှ နိုင်ငံများအတွက် ဆောင်ရွက်သည့် စွမ်းအင်မူဝါဒဆိုင်ရာလေ့လာမှု လမ်းပြမြေပုံ (၂၀၂၀-၂၀၂၂) ကိုလည်းကောင်း ရှင်းလင်းတင်ပြသည်။ ထို့နောက် အာဆီယံ အတွင်းရေးမှူးချုပ်နှင့် အီးအာရ်အိုင်အေ အုပ်ချုပ်မှုဘုတ်အဖွဲ့ဝင်များက အနာဂတ် ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အီးအာရ်အိုင်အေက အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက် မည့် သုတေသနအစီအစဉ်များကို အကြံပြုဆွေးနွေးသည်။

အစည်းအဝေးတွင် ဒုတိယ ဝန်ကြီးက ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် ဒေသတွင်း သာမက ကမ္ဘာ့စီးပွားရေးလုပ်ငန်း ကဏ္ဍအသီးသီးတွင်ဒစ်ဂျစ်တယ် နည်းပညာကိုတွင်တွင်ကျယ်ကျယ် သုံးစွဲလျက်ရှိပါကြောင်း၊ သို့ရာ တွင် အသေးစား၊ အငယ်စား နှင့်အလတ်စားစီးပွားရေးလုပ်ငန်း များအတွက် ဒစ်ဂျစ်တယ်နည်း ပညာကို သုံးစွဲရာတွင် သတင်း အချက်အလက် လုံခြုံမှု၊ ယှဉ်ပြိုင် မှု၊ အွန်လိုင်းမှ ငွေပေးချေမှု တို့နှင့်စပ်လျဉ်း၍ ယုံကြည်စိတ်ချ စွာ ဆောင်ရွက်နိုင်ရန် စိန်ခေါ်မှု များ ရှိနေပါကြောင်း၊ အာဆီယံနှင့် အရှေ့အာရှနိုင်ငံများရှိ SMEs များ အကြား နည်းပညာဆိုင်ရာ ဖွံ့ဖြိုး မှုကွာဟချက် ကျဉ်းမြောင်းစေရန် အတွက် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်များကို ERIA သုတေသနလုပ်ငန်းများနှင့် အချိတ်အဆက် မိမိလုပ်ဆောင်သွားရန်လိုကြောင်း အကြံပြု ပြောကြားသည်။

ထို့ပြင် ဒုတိယဝန်ကြီးက ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူ စာချုပ်(RCEP)၏ အာဆီယံနိုင်ငံများနှင့် အရှေ့အာရှနိုင်ငံများ အပေါ် အကျိုးသက်ရောက်မှုနှင့်  စပ်လျဉ်း၍ သုတေသနအဆင့်(၁) ပြုလုပ်မည့် အီးအာရ်အိုင်အေ၏ အဆိုပြုချက်ကို ထောက်ခံပါကြောင်း၊ စာချုပ်တွင် ဖွံ့ဖြိုးမှု အဆင့်မတူညီသည့် အဖွဲ့ဝင်နိုင်ငံ များလည်း ပါဝင်သဖြင့် အဆိုပါ သုတေသနမှ ပေါ်ထွက်လာမည့် အကြံပြုချက်များက ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု သဘောတူစာချုပ် ကို အကောင်အထည်ဖော်မည့်အနာဂတ်လုပ်ငန်း အစီအစဉ် ရေးဆွဲရာတွင် အထောက်အပံ့ပေး နိုင်မည်ဟု ယုံကြည်ပါကြောင်း ဆွေးနွေး ပြောကြားသည်။

သတင်းစဉ်