Skip to main content

ပြည်သူများစိတ်ချမ်းမြေ့ရေး စည်းကမ်းလိုက်နာ

ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်သည်။ နိုင်ငံများအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် နောက်ဆက်တွဲဆိုးကျိုးများကို အချိန်ကာလရှည်ကြာစွာ ခံစားနေကြရ သော်လည်း အဆိုပါရောဂါစိန်ခေါ်မှုကို ကြံ့ကြံ့ခံတွန်းလှန်ရင်း မိမိတို့၏လူမှုစီးပွားရေးဘဝများ ပုံမှန်လည်ပတ်နိုင်အောင် စည်းကမ်းများကိုလိုက်နာရင်း၊ ရောဂါကိုသတိမူရင်းလှုပ်ရှား ဆောင်ရွက် နေကြသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှာ တစ်နှစ်ကျော်၊ နှစ်နှစ်နီးပါး ကြာမြင့်လာခဲ့ပြီဖြစ်သည်။ ပြီးခဲ့သည့်နှစ်ကကိုဗစ်ရောဂါ ပထမလှိုင်း၊ ဒုတိယလှိုင်း ဒဏ်ကို ကြုံတွေ့ခဲ့ပြီး ယခုနှစ်တွင် တတိယလှိုင်းဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားခဲ့ကြရာ ပြည်သူများ၏လူမှုဘဝများ၊ စီးပွားရေးအလုပ်အကိုင်များ များစွာ ထိခိုက်နစ်နာဆုံးရှုံးခဲ့ကြရသည်။ ယခုအခါ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု လျော့ကျလာသည်ကို တွေ့ရသည်။ ပြည်သူများအနေဖြင့် ကိုဗစ်ရောဂါကို အန်တုကာ ရုန်းထွက်နိုင်ရန် ကြိုးပမ်းနေကြသည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု အခြေအနေများအား ကူးစက်ရောဂါစောင့်ကြပ်ကြည့်ရှုရေး ရက်သတ္တပတ်အလိုက် ဓာတ်ခွဲနမူနာများ ရယူစစ်ဆေးမှု၊ ဓာတ်ခွဲအတည်ပြုလူနာတွေ့ရှိမှုနှင့် ရောဂါပိုး တွေ့ရှိမှုနှုန်းအခြေအနေများကို စောင့်ကြပ်ကြည့်ရှု ဆောင်ရွက်လျက်ရှိပြီး အပတ်စဉ် (၃၈) တွင် ဓာတ်ခွဲနမူနာ ၁၃၃၂၈၂ ကို စမ်းသပ်စစ်ဆေးခဲ့ရာ ဓာတ်ခွဲ အတည်ပြုလူနာ ၁၁၇၄၉ ဦးရှိသဖြင့် ပျမ်းမျှရောဂါပိုးတွေ့နှုန်း ၈ ဒသမ ၈ ရာခိုင် နှုန်းရှိခဲ့သည်။ အပတ်စဉ် (၃၉)တွင် ဓာတ်ခွဲနမူနာ ၁၃၆၈၂၉ ကို စစ်ဆေးခဲ့ရာ အတည်ပြုလူနာ ၁၀၆၄၉ ဦးရှိသဖြင့် ပိုးတွေ့နှုန်း ၇ ဒသမ ၈ နှင့် အပတ်စဉ် (၄၀) တွင် ဓာတ်ခွဲနမူနာ ၁၂၇၁၉၈ကို စစ်ဆေးခဲ့ရာ အတည်ပြုလူနာ ၁၀၀၆၄ ဦးရှိသဖြင့် ပိုးတွေ့နှုန်း ၇ ဒသမ ၉ ရာခိုင်နှုန်းရှိရာ ရက်သတ္တပတ် လိုက်အနေဖြင့် အတည်ပြု လူနာကျဆင်းခဲ့သော်လည်း ပိုးတွေ့နှုန်းအနေဖြင့် သိသိသာသာလျော့ကျ ခြင်း မရှိသေးသည်ကိုတွေ့ရသည်။

ယခုရက်သတ္တပတ်အတွင်း အောက်တိုဘာလ ၁၁ ရက်နေ့၌ ဓာတ်ခွဲနမူနာ ၁၆၄၇၁ အားစစ်ဆေးခဲ့ရာ ဓာတ်ခွဲအတည်ပြု လူနာသစ် ၁၁၉၇ ဦးတွေ့ရှိရပြီး ထိုနေ့အတွက် ရောဂါပိုးတွေ့ရှိမှုနှုန်းမှာ ၇ ဒသမ၃ ရာခိုင်နှုန်းရှိသည်ကိုတွေ့ရသည်။ အပတ်စဉ်ရောဂါပိုးစစ်ဆေးတွေ့ရှိမှုအရ တွေ့ရှိမှုနှုန်း အပြောင်းအလဲကွာဟမှု မများသေးသော်လည်း သေဆုံးမှုနှုန်းသိသိသာသာ ကျဆင်းလာသည်ကို တွေ့ရသည်။ ယခုရက်သတ္တပတ်တွင် နေ့အလိုက် ရောဂါပိုးတွေ့ရှိမှု၌ ပိုးတွေ့နှုန်း ခုနစ်ရာခိုင်နှုန်း နီးပါးခန့်ရှိလာရာ ဤနှုန်းအတိုင်းဆက်လက်ကျမည်ဆိုပါက ရှေ့လာမည့် ရက်သတ္တ ပတ်တွင် ရောဂါပိုးတွေ့ရှိမှုနှုန်း ခုနစ်ရာခိုင်နှုန်းအောက်သို့ ကျဆင်းလာနိုင်သည်။ ပိုးတွေ့မှုနှုန်း တစ်ထောင်အောက် ရာဂဏန်းသို့ကျဆင်းပြီး သေဆုံးမှုနှုန်း ဆယ်ဂဏန်းမှ ခုဂဏန်းသို့ ကျဆင်းသွားပါကမြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု သိသာစွာကျဆင်းသွားပြီဟုဆိုနိုင်သည်။

မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကျဆင်းလာပြီဖြစ်သောကြောင့် လမ်းပန်းဆက်သွယ်ရေးများ ပြန်လည်ပွင့်လန်းလာပြီး ယခုပွင့်လင်းရာသီတွင် ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်ရန် ဦးတည်နေပြီဖြစ်သည်။ ထို့အပြင် စာသင်ကျောင်းများကိုလည်း ပြန်လည်ဖွင့်လှစ်နိုင်ရန် ပြင်ဆင် ဆောင်ရွက် နေသည်ကို တွေ့ရသည်။ နိုင်ငံတော်ကကိုဗစ်-၁၉ ရောဂါသိသာစွာကျဆင်းသွားမှုကို အတည် ပြုပြီး ဖြေလျှော့မှုများ မပြုလုပ်သေးသော်လည်း ပြည်သူများအနေဖြင့် “မဆွတ် ခင်က ညွတ်ချင်သည့်ပန်း ကဲ့သို့ မိမိတို့၏ လူမှုစီးပွားဘဝများ ယခင်ကကဲ့သို့ ပုံမှန်လည်ပတ်သည့် အခြေအနေရောက်ရှိနေအောင် တာစူနေသည်ကိုတွေ့ရသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်ရောဂါနှင့် ပတ်သက်၍ ကန့်သတ်မှုများရှိနေသော်လည်း ရောဂါပိုးတွေ့ရှိမှုနှုန်း ကျဆင်းလာသော ဒေသများတွင် ပြည်သူများ၏ လူမှုစီးပွားဘဝများအား ဖြေလျှော့ပေးမှုများကို နားလည်မှုရှိစွာ အတိုင်းအတာ တစ်ခုဖြင့် ဆောင်ရွက်ပေးနေသည်ကို တွေ့ရသည်။

မည်သို့ပင်ဖြစ်စေယခုသီတင်းကျွတ်ကာလ ပွင့်လင်းရာသီသို့ ရောက်သောအခါ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှုန်းများလည်း ကျဆင်းလာပြီး ပြည်သူများအနေဖြင့်လည်း ခရီးသွားလုပ်ငန်းများကို ယခုပင်စတင်ကာ သွားလာလှုပ်ရှားလုပ်ကိုင် နေကြသည်ကို တွေ့ရသည်။ အများပြည်သူတို့ စိတ်အေးချမ်းသာပျော်ရွှင်စွာဖြင့် သွားလာလှုပ်ရှားနိုင်နေကြသည်မှာ စိတ်နှလုံးချမ်းမြေ့စရာဖြစ်သည်။ သို့သော် ယခုအချိန်အခါတွင် ရောဂါစတင်ကျဆင်းခါစဖြစ်၍ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ရေးလုပ်ငန်းများအောင်မြင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ထုတ်ပြန်ထားသော စည်းကမ်းများကို စနစ်တကျ ဆက်လက်လိုက်နာကြရန် လိုအပ်ပါကြောင်း။