နေပြည်တော် အောက်တိုဘာ ၁၂
အပြည်ပြည်ဆိုင်ရာဆက်သွယ်ရေးအဖွဲ့ချုပ် (ITU) နှင့် ဗီယက်နမ်နိုင်ငံ ပြန်ကြားရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့က ကြီးမှူး၍ စက်တင်ဘာ ၁ ရက်မှ နိုဝင်ဘာ ၃၀ ရက်အထိ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်သော “ITU Digital World 2021” အစီအစဉ်များအတွင်း ယနေ့တွင် ကျင်းပပြုလုပ်သည့် ဝန်ကြီးအဆင့် စားပွဲဝိုင်းဆွေးနွေးပွဲသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း ပါဝင်တက်ရောက် ဆွေးနွေးသည်။
စားပွဲဝိုင်းဆွေးနွေးပွဲ အခမ်းအနားတွင် ဗီယက်နမ်နိုင်ငံ ပြန်ကြားရေးနှင့်ဆက်သွယ် ရေးဝန်ကြီးဌာနဝန်ကြီးနှင့် အိုင်တီယူအထွေထွေ အတွင်းရေးမှူးချုပ်တို့က အဖွင့်အမှာစကားများပြောကြားကြပြီး ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ်က မိန့်ခွန်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ် ကြီး တင်အောင်စန်း အပါအဝင် ဦးဆောင် ဆွေးနွေးသူ (၁၁) ဦးက “Cutting the cost Can affordable access accelerate digital transformation” ခေါင်းစဉ်ဖြင့် တီထွင်ဆန်းသစ်သည့် မူဝါဒများနှင့် စည်းမျဉ်းဥပဒေဆိုင်ရာ အစီအမံများ၊ လက်တွေ့ဆောင်ရွက်ရာတွင် ကြုံတွေ့နေရသည့် အခက်အခဲများ၊ ဖြေရှင်းဆောင်ရွက်သင့်သည့် နည်းလမ်းများကို မျှဝေဆွေးနွေးကြသည်။
ပြည်ထောင်စုဝန်ကြီးက ဆွေးနွေး ပြောကြားရာတွင် အားလုံးပါဝင်သော၊ ပြည်သူ ဗဟိုပြုသည့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး အောင်မြင်စေရေးအတွက် အခြေခံအဆောက်အဦ၊ ရင်းနှီးမြှုပ်နှံမှု၊ အားလုံးပါဝင်နိုင်မှုနှင့် တီထွင်ဆန်းသစ်မှုတို့ရှိစေရန် သင့်တင့်မျှတသော ဈေးနှုန်းသည် အရေးကြီးကြောင်း၊ အိုင်စီတီ အခြေခံအဆောက်အဦများတွင် ရင်းနှီးမြှုပ်နှံခြင်း သည်ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် လျော့ကျလာသည်ကို တွေ့ရှိရပါကြောင်း၊ အခြားတစ်ဖက်တွင်လည်း အထူးသဖြင့် ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေး ကဏ္ဍများတွင် အွန်လိုင်းအသုံးပြုမှု များပြားလာသည့်အတွက် Bandwidth အသုံးပြုမှုနှင့် သုံးစွဲမှုလိုအပ်ချက် ပိုမိုမြင့်မားလာသည်ကို တွေ့ရှိရကြောင်း၊ သုံးစွဲမှုလိုအပ်ချက် မြင့်မားလာမှုသည် အခြေခံဆက်သွယ်ရေး လိုအပ်ချက် ဖြည့်ဆည်းရေး ဆောင်ရွက်ရာတွင် အခက်အခဲများ ဖြစ်ပေါ်လာနိုင်ကြောင်း ပြောကြားသည်။
ထို့ပြင် အိုင်စီတီ အခြေခံအဆောက်အဦ အတွက် တာဝန်ရှိသောဝန်ကြီးဌာနများ အနေဖြင့် ကုန်ကျစရိတ်လျှော့ချနိုင်ရေးနှင့် အခြေခံ အဆောက်အဦတွင် စဉ်ဆက်မပြတ် ရင်းနှီး မြှုပ်နှံမှုများ ဆောင်ရွက်နိုင်ရေးအတွက် သင့်လျော်သောမူဝါဒများ ချမှတ်နိုင်ရေးကို ထည့်သွင်းစဉ်းစားရမည် ဖြစ်ကြောင်း၊ အိုင်စီတီ အခြေခံအဆောက်အဦများကို မျှဝေသုံးစွဲခြင်း၊ ထိရောက်သော လှိုင်းနှုန်းစဉ် အသုံးပြုမှုဖြစ်စေ၊ရေးနှင့် မိမိတို့၏အခြေခံဆက်သွယ်ရေး လိုအပ်ချက်ဖြည့်ဆည်း ရေးမဟာဗျူဟာများ ပြန်လည်ဆန်းစစ်နိုင်ရေး တို့အတွက် မူဝါဒများ ထားရှိဆောင်ရွက်ရန် လိုအပ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် အခြေခံ အဆောက်အဦ မျှဝေသုံးစွဲခြင်းအတွက် ဥပဒေပြဋ္ဌာန်းထားပြီး ဆက်သွယ်ရေး အခြေခံအဆောက်အဦများ တည်ဆောက်ခြင်းအတွက် နေရာဒေသအလိုက် သင့်လျော်သော ဈေးနှုန်းများ သတ်မှတ်ဆောင်ရွက်ပေးခဲ့ကြောင်း၊ မြို့ပြတွင် သာမက ကျေးလက်ဒေသများပါမကျန် အိုင်စီတီ နည်းပညာများကို ကျွမ်းကျင်သက်သာစွာ သုံးစွဲရရှိနိုင်ရေး ဆောင်ရွက်ပေးနိုင်ရန်အတွက် ဆက်သွယ်ရေး အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းခြင်းဆိုင်ရာ မဟာဗျူဟာကိုလည်း ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ Social Media များကို ကျင့်ဝတ်သိက္ခာမရှိဘဲ အကျိုးမဲ့စွာ သုံးစွဲနေမှုများကြောင့် ထိခိုက်မှုများကို ကုစားနိုင်ရေး နည်းလမ်းရှာဖွေသွားရန်လိုအပ်ကြောင်း ဆွေးနွေး ပြောကြားသည်။
အဆိုပါဆွေးနွေးပွဲသို့ အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေးအဖွဲ့ချုပ် (ITU) အဖွဲ့ဝင် နိုင်ငံပေါင်း ၁၉၃ နိုင်ငံမှ ဝန်ကြီးအဆင့်ပုဂ္ဂိုလ်များ၊ စည်းမျဉ်းဥပဒေဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်း အကြီးအကဲများ၊ မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာ ဆက်သွယ်ရေး ကုမ္ပဏီများမှ အမှုဆောင်အရာရှိချုပ်များ တက်ရောက်ကြပြီး မြန်မာနိုင်ငံမှ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ITU Digital World သည်အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေးအဖွဲ့ချုပ်က ၁၉၇၁ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပခဲ့သော အခမ်းအနားတစ်ခုဖြစ်ပြီး ယခုကျင်းပသည့် အခမ်းအနားသည် နှစ် (၅၀) မြောက်ကျင်းပသော အခမ်းအနားဖြစ်ကြောင်းသိရသည်။
သတင်းစဉ်