နေပြည်တော် အောက်တိုဘာ ၁၂
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါက်တာ ဇော်မြင့်၊ ဦးဇော်ဝင်းတို့နှင့်အတူ ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးနေမှုများကို သွားရောက်ကြည့်ရှုအားပေးကြသည်။
ရှေးဦးစွာ ဒက္ခိဏသီရိမြို့နယ် အမှတ် ၁၈ အခြေခံပညာအထက်တန်းကျောင်း၌ ကာကွယ်ဆေး ထိုးနှံပေးနေမှုများကို အားပေးကြည့်ရှုပြီး ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ ကာကွယ်ဆေး ထိုးခြင်းဖြင့် နိုင်ငံတော်၏အနာဂတ်မျိုးဆက်သစ် များဖြစ်သည့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိလာစေမည်ဖြစ်ပါ ကြောင်း၊ ဒေသတွင်း အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာတွင်လည်း ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင် ရေးအတွက် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်နေကြပါကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေဖြင့် ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်ချက် အခက်အခဲများရှိပါက အမြန်ဆုံးဖြည့်ဆည်း ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ဆေးရုံမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း များနှင့်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်း၍ ကာကွယ်ဆေးမထိုးမီ မိဘအုပ်ထိန်းသူ၏ ခွင့်ပြုချက်ရယူခြင်း၊ ကျောင်းသား၊ ကျောင်းသူများ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်း၊ ရောဂါအခံ ရှိ၊ မရှိ မေးမြန်းခြင်းနှင့် ကာကွယ်ဆေးထိုးပြီးပါက ကျန်းမာရေးအတွက် ကာကွယ်နေထိုင်ရမည့် အစီအစဉ်များကို ပြောကြားဆောင်ရွက်ပေးကြပြီး ကာကွယ်ဆေးထိုးနှံပေးကြသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများသည် ဇမ္ဗူသီရိမြို့နယ် အမှတ်(၇) အခြေခံပညာ အထက်တန်းကျောင်းသို့လည်းကောင်း၊ ဥတ္တရသီရိမြို့နယ် မင်းကုန်းအခြေခံ ပညာအထက်တန်း ကျောင်းသို့လည်းကောင်း သွားရောက်၍ အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနေမှုများအား သွားရောက်ကြည့်ရှုအားပေးကြသည်။
နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်(၈)မြို့နယ်တွင် အသက်(၁၂)နှစ် ပြည့်ပြီးသည့် အလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၈၃၉၆၉)ဦးကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးသွားမည်ဖြစ်ပြီး ပညာရေးဝန်ကြီးဌာလက်အောက်ရှိ မြန်မာတစ်နိုင်ငံလုံးမှ အခြေခံပညာအထက်တန်းကျောင်းနှင့် အလယ်တန်း ကျောင်းများတွင် ပညာသင်ယူနေသူ ကျောင်းသား၊ ကျောင်းသူ အားလုံးကိုလည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ စနစ်တကျထိုးနှံပေးသွား မည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)