နေပြည်တော် အောက်တိုဘာ ၁၂
၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ အမျိုးသားစီမံကိန်းနှင့် အရအသုံးခန့်မှန်းခြေ ငွေစာရင်း ရေးဆွဲခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ အမျိုးသားစီမံကိန်းနှင့် အရအသုံးခန့်မှန်းခြေ ငွေစာရင်းရေးဆွဲနိုင်ရေးအတွက် အခြေခံမည့် အမျိုးသားစီမံကိန်း၊ (၂၀၂၂-၂၀၂၃ ဘဏ္ဍာရေး နှစ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အထိ) (၅) နှစ် စီမံကိန်းကို ချမှတ်ရေးဆွဲဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ယခင်နှစ်ရှည်စီမံကိန်းများဖြစ်သည့် အမျိုးသားဘက်စုံဖွံ့ဖြိုး တိုးတက်မှု စီမံကိန်း (National Comprehensive Development Plan - NCDP) နှင့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan - MSDP) တို့ကို ပြန်လည်သုံးသပ်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့ကို အခြေခံမူများထားရှိပြီး နိုင်ငံတကာနှင့်ဒေသတွင်း ကတိကဝတ်များနှင့် ချိတ်ဆက်ကာ (၅)နှစ် စီမံကိန်း၏ ရည်မှန်း ချက်နှင့် ဆောင်ရွက်မည့် အစီအစဉ်များ ရေးဆွဲသွားမည်ဖြစ်ကြောင်းနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အကောင် အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများအား ကြိုတင်စိစစ်ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့်ပတ်သက်၍ လည်းကောင်း၊ အရအသုံးခန့်မှန်းခြေငွေစာရင်းရေးဆွဲရာတွင် နိုင်ငံတော်၏ လိုငွေထိန်းနိုင်ရေးနှင့် ရေရှည်တည်တံ့သည့် ဘတ်ဂျက်သုံးစွဲမှုပုံစံဖြစ်စေရေးအတွက် သာမန်နှင့် ငွေလုံးငွေရင်းစာရင်းများ ရေးဆွဲရာတွင် လိုက်နာရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံ ကိန်း ရေးဆွဲရေးနှင့် စပ်လျဉ်း၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အထိ (၅) နှစ် စီမံကိန်း မူဘောင်ရေးဆွဲ ထားရှိမှုအခြေအနေကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အရအသုံးခန့်မှန်းခြေ ငွေစာရင်းရေးဆွဲခြင်းနှင့် ချေးငွေဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်း တင်ပြကြသည်။
ထို့နောက် တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယဝန်ကြီးများနှင့် ညွှန်ကြားရေးမှူးချုပ်များက မိမိတို့ဝန်ကြီးဌာနအလိုက် စီမံဆောင်ရွက် မည့်အခြေအနေများ၊ ပေါင်းစပ်ညှိနှိုင်းပေးမည့် ကိစ္စရပ် များနှင့်ပံ့ပိုးပေးမည့် အခြေအနေများကို ဆွေးနွေးတင်ပြကြသည်။
ဆွေးနွေးချက်များအပေါ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြန်လည်ဆွေးနွေးသည်။ ကိုဗစ်-၁၉ ကပ်ရောဂါနှင့် နိုင်ငံရေးအခြေအနေအရ နိုင်ငံ၏စီးပွားရေးအခြေအနေ တုံ့ဆိုင်းနေမှု၊ စီးပွားရေးတိုးတက်မှုနှုန်း ကျဆင်းနေမှုတို့ကို ပြန်လည်ကုစားနိုင်ရေး၊ ကိုဗစ်-၁၉ အလွန်ကာလ နိုင်ငံ၏စီးပွားရေးအခြေအနေ ပြန်လည်တည်ငြိမ် တိုးတက်ကောင်းမွန်လာ စေရေးအတွက် ရည်မှန်း၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် လက်တွေ့ကျကျ အကောင်အထည် ဖော်ဆောင်ရွက်နိုင် မည့်ကာလတို (၅)နှစ် စီမံကိန်းနှင့်ဆက်စပ်၍ နှစ်စဉ်စီမံကိန်း၊ အရအသုံး ခန့်မှန်းခြေငွေစာရင်းတို့ကို ရေးဆွဲရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)