Skip to main content

နေပြည်တော်၌ အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာအလယ်တန်း၊ အထက်တန်းကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် - ၁၉ ကာကွယ်ဆေး စတင်ထိုးနှံ

နေပြည်တော်   အောက်တိုဘာ   ၁၂

ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ယူခွင့် အခွင့်အလမ်းများရရှိ စေရန်အတွက် နိုင်ငံတော်အစိုးရက  ကိုဗစ် - ၁၉ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး ဆောင်ရွက်ခဲ့ ရာယနေ့တွင်  ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ အသက်၁၂ နှစ်နှင့်အထက် အခြေခံပညာအလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် - ၁၉ ကာကွယ်ဆေး (Sinovac) ကို စတင်ထိုးနှံပေးသည်။

ယနေ့မှစတင်၍ ကာကွယ်ဆေးထိုးနှံခြင်းကို အောက်တိုဘာ ၂၅ ရက်အထိ လျာထားပြီး နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်များဖြစ်သော ဇဗ္ဗူသီရိမြို့နယ်၊ ဒက္ခိဏသီရိ မြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်နှင့် တပ်ကုန်းမြို့နယ်တို့ရှိ အခြေခံပညာကျောင်း ၇၅၇ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း ၂၈ ကျောင်းနှင့် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်း ၇၄ ကျောင်း စုစုပေါင်း ၈၅၉ ကျောင်းအနက် အထက်တန်းဆင့်နှင့် အလယ်တန်းဆင့် စာသင်ကျောင်း ၄၉၆ ကျောင်းတွင်ရှိသည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၈၃၉၆၉ ဦးကို ကာကွယ်ဆေးထိုးနှံပေးမည် ဖြစ်သည်။

ထို့ကြောင့် မြို့နယ်အလိုက် ဆေးထိုးနှံရန် သတ်မှတ်ထားသည့် စုရပ်နေရာများ၌  အခြေခံပညာ အလယ်တန်း၊ အထက်တန်းတို့တွင် ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား နေ့ရက်အလိုက် သတ်မှတ်ထားသည့် လူဦးရေစာရင်းအလိုက် ကျန်းမာရေးဝန်ထမ်း များက ကိုဗစ် - ၁၉ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ကာကွယ်ဆေးထိုးနှံပေးကြသည်။

ထို့ပြင် ကာကွယ်ဆေးထိုးမည့် စုရပ်နေရာများ၌လည်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးအတွက် လက်ဆေးဘေစင်များထားရှိ၍ လက်ဆေးစေခြင်း Mask နှင့် Face Shield များ ဝေငှခြင်း၊ ဆေးထိုးရန် လာရောက်သည့် ကျောင်းသား၊ ကျောင်းသူများအား ကိုယ်အပူချိန် တိုင်းတာပေး ခြင်းတို့ကို တာဝန်ကျကျန်းမာရေးနှင့် ပညာရေးဝန်ထမ်းများက ဆောင်ရွက်ပေးကြပြီး ပညာပေးဗီနိုင်းဆိုင်းဘုတ်များကိုလည်း ကျောင်းတွင်း၊ ကျောင်းပြင် ချိတ်ဆွဲထားရှိကာ အသိပညာပေးမှုများ ဆောင်ရွက်ထားသည် ကိုတွေ့ရှိရသည်။

ယင်းသို့ ဆောင်ရွက်ပြီးပါက ပညာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများက ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုနှင့် ပတ်သက်၍ အသက် ၁၂နှစ်နှင့်အထက်ကျောင်းသား၊ ကျောင်းသူများ နှင့်၎င်းတို့၏ မိဘအုပ်ထိန်းသူများအား ကြိုတင်အသိပညာပေးခြင်းများ ဆောင်ရွက်ပြီး မိဘအုပ်ထိန်းသူများ၏ သဘောတူညီချက်လက်မှတ်ရယူကာ ကာကွယ်ဆေးထိုးနှံပေးသည်။

ကာကွယ်ဆေးထိုးနှံပြီးသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း ဆေးကြောင့် နောက်ဆက် တွဲလက္ခဏာများ ဖြစ်ပေါ်မှု ရှိ၊ မရှိ စောင့်ကြည့်နိုင်ရန် သီးသန့်အခန်းများတွင်ထားရှိပြီး နာရီဝက်စောင့်ကြည့်စေကာ ကျန်းမာရေးချို့ယွင်းမှု တစ်စုံတစ်ရာဖြစ်ပေါ် လာပါကအချိန်နှင့် တစ်ပြေးညီ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝပေးနိုင်ရန်လည်း ဆောင်ရွက်ထား သည်ကို တွေ့ရှိရသည်။

ထို့ပြင် ဆေးထိုးနှံမည့် ကျောင်းသား၊ ကျောင်းသူများ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် သွားလာ နိုင်စေရန် School Bus များ စီစဉ်ပေးထားပြီး ဆေးထိုးစုရပ် ကျောင်းပတ်ဝန်းကျင် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက်လည်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့များ၊ မီးသတ်တပ်ဖွဲ့နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့များက လုံခြုံရေးဆောင်ရွက်ပေးသည်ကို တွေ့ရှိရသည်။

ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးပါက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ် - ၁၉ ရောဂါ ဆိုင်ရာလမ်းညွှန် ချက်များနှင့်အညီ ကျောင်းများတွင် လုံခြုံစိတ်ချစွာ ပညာသင်ကြားသင်ယူခွင့်ရရှိမည်ဖြစ်ပြီး အကြောင်းအ မျိုးမျိုးကြောင့် ဆေးထိုးနှံရန် ကျန်ရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း ထိုးနှံနိုင်ရေး ဆက်လက်စီစဉ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

အဆိုပါ ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ပညာရေးဝန်ကြီးဌာန အောက်ရှိ အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား ဦးစားပေးအစီ အစဉ်များအလိုက် ထိုးနှံပေးသွားမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိစေရန်၊ အခြေခံပညာကျောင်းသား၊ ကျောင်း သူများတွင် ကိုဗစ် - ၁၉ ရောဂါဖြစ်ပွား၊ သေဆုံးမှုကို လျှော့ချရန်နှင့် ကျောင်းသား၊ ကျောင်းသူများမှတစ်ဆင့် မိသားစုနှင့် ပတ်ဝန်းကျင်သို့ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးရန်အတွက် ရည်ရွယ်ဆောင် ရွက်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

သတင်း-အောင်သန့်

ဓာတ်ပုံ-ကိုကိုအေး