Skip to main content

စဉ့်ကိုင်မြို့နယ်၌ ငွေကျပ် သိန်း ၄,၆၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် အောက်တိုဘာ ၁၁

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၌ ငွေကျပ် သိန်း ၄,၆၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၉ ရက် ညနေ ၄ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ ကုန်းနီကျေးရွာရှိ မိုင်းယီထွန်း(ခ)အားရန်၏ ကြက်မွေးမြူရေးခြံဝင်းအတွင်း ဝင်ရောက်ရှာဖွေရာ ခြံဝင်းအတွင်းရှိ TIPPER မော်တော်ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၄,၆၀၀ ကျော် တန်ဖိုးရှိ ဆပ်ပြာခွက် ၁,၈၁၅ ခွက်ဖြင့် ထည့်ထားသော ဘိန်းဖြူ ၁၈ ဒသမ ၁၅ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၆,၀၀၀ နှင့် မော်တော်ဆိုင်ကယ် ၂ စီးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

စစ်ဆေးပေါ်ပေါက်ချက်များအရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊  သီပေါမြို့နယ်မှ မန္တလေး တိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်သို့ သယ်ဆောင်ခိုင်းသူ မိုင်းယီထွန်း(ခ) အားရန်(၃၉)နှစ်နှင့် မူးယစ်ဆေးဝါး သယ်ဆောင် ရောင်းဝယ်ရာတွင် ပူးပေါင်း ပါဝင်သူများဖြစ်ကြသည့် မောင်မောင်သန်း(၄၃)နှစ်၊ သန်းမြင့်သူ(ခ)ကိုသူ(၃၂)နှစ်၊ မသဇင်စိုး(ခ) သဇင်(၃၄)နှစ်၊ မောင်ရွှေ(၃၀)နှစ်၊ ထွန်းထွန်း(ခ) ပေါက်ပေါက်(၂၄)နှစ်တို့ (၆)ဦးကို ဉပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ် လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)