Skip to main content

(၁၂) ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်း ယှဉ်ပြိုင်စွမ်းရည်မြှင့်တင်ရေး ကော်မတီ အစည်းအဝေးကျင်းပ

နေပြည်တော် အောက်တိုဘာ ၁၁

(၁၂) ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်း ယှဉ်ပြိုင်စွမ်းရည်မြှင့်တင်ရေးကော်မတီ အစည်းအဝေး (12th ASEAN Tourism Competitiveness Committee Meeting- ATCC) ကို ယနေ့ နံနက် ၈ နာရီခွဲတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည်။

အစည်းအဝေးသို့ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် ဘရူနိုင်းဒါရူဆလမ်နိုင်ငံတို့က ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်၍ အာဆီယံခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ ခေါင်းဆောင်များ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ၊ အာဆီယံခရီးသွားလုပ်ငန်း စျေးကွက်မြှင့်တင်‌ရေး အဆင့်မြင့်အရာရှိနှင့် စျေးကွက် မြှင့်တင်ရေး အေဂျင်စီမှ ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံအနေဖြင့် ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြား‌ရေးမှူးချုပ် ဦးဆောင်ကာ ဝန်ကြီးဌာနမှ တာဝန်ရှိသူများက Online မှ ပါဝင် တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် အာဆီယံခရီးသွားလုပ်ငန်း မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၅) အရ ၂၀၂၁ ခုနှစ်အတွင်း သက်ဆိုင်ရာ ဦးဆောင်နိုင်ငံများမှ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုများ၊ အာဆီယံခရီးသွားလုပ်ငန်း စျေးကွက်မြှင့်တင်ရေး မဟာဗျူဟာ စီမံကိန်း (၂၀၂၁-၂၀၂၅) အရ ခရီးသွားလုပ်ငန်း စျေးကွက်မြှင့်တင်ရေးအတွက် ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ၊ အာဆီယံဒေသတွင်း ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းနယ်ပယ်တွင် လုပ်ကိုင်နေသူများ၏ ဘေးကင်းလုံခြုံ စိတ်ချစေရေးအတွက် မူကြမ်း ရေးဆွဲပြီးစီးခဲ့သည့် ASEAN Common Health and Safety Guidelines များအရ Certification Programme ဆောင်ရွက်မည့် အခြေအနေများ၊ အာဆီယံခရီးသွားလုပ်ငန်း မဟာဗျူဟာ စီမံကိန်း (၂၀၁၆-၂၀၂၅) နှင့်ယှဉ်တွဲ၍ ကိုဗစ်-၁၉ အလွန် ဒေသတွင်းခရီးသွားလုပ်ငန်းများ ပြန်လည်ဦးမော့လာစေရေး ဆောင်ရွက်သွားမည့် ASEAN Tourism Recovery Plan ပါအစီအစဉ်များ၊ ၂၀၂၂ ခုနှစ်အတွက် ဆောင်ရွက်သွားမည့် ကော်မတီဆိုင်ရာ အဆိုပြု စီမံကိန်း အသစ်များနှင့် လာမည့် ၂၀၂၂-၂၀၂၃ ခုနှစ်အတွက် ဆောင်ရွက်သွားမည့် လုပ်ငန်း စီမံကိန်း ရေးဆွဲထားရှိမှု၊ ကော်မတီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတာဝန် အဆိုပြုရွေးချယ်ခြင်း လုပ်ငန်းစဉ်များကို ပူးပေါင်းဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

ယခုအစည်းအဝေးအပြင် အခြားသော ဆက်စပ်အာဆီယံခရီးသွားလုပ်ငန်း ကော်မတီအစည်းအဝေးများကို အောက်တိုဘာ ၁၄ ရက်အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)