နေပြည်တော် အောက်တိုဘာ ၁၁
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ မီနီဘက်ဂျက်(၆)လအတွင်း တောရိုင်းတိရစ္ဆာန်များအတွက် နေရင်းဒေသများ ပြန်လည်တည်ထောင်ခြင်း လုပ်ငန်းအစီအစဉ် အကောင်အထည်ဖော်မှုကို တင်ပြခြင်း (Online) အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပသည်။
အစည်းအဝေးတွင် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင်က ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအနေ နှင့် RNH ကို ရေးဆွဲဆောင်ရွက်ခြင်းသည် UN Decade on Ecosystem Restoration 2021−2030 တွင် အချိန်ကိုက် ပါဝင်ဆောင်ရွက်မှုတစ်ခု ဖြစ်ပါကြောင်း၊ စီမံကိန်းလုပ်ငန်းများ ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် စွမ်းဆောင် ရည်မြှင့်တင်ခြင်း သင်တန်းများကိုလည်း ပို့ချပေးထားပြီးဖြစ်ပြီး သင်တန်းများတွင် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ လုပ်ငန်းများ အပြင် ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ ပို့ချချက်များကိုလည်း ထည့်သွင်းပို့ချပေးခဲ့ပါကြောင်း၊ ဥယျာဉ်/ဘေးမဲ့တော (၁၉) ခုအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် RNH လုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့သည်ကိုလည်း (၃)လပတ်၊ (၆) လပတ်နှင့် နှစ်ချုပ်အစီရင်ခံစာများမှတစ်ဆင့် တွေ့ရှိရပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် RNH လုပ်ငန်းများကို အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားမှု အခြေအနေနှင့် ဝန်ထမ်းများ လုံခြုံရေးအခြေအနေကြောင့် အပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းမရှိခဲ့သည်ကို စိစစ်တွေ့ရှိခဲ့ရပါကြောင်း။
ယနေ့အစည်းအဝေးတွင် ဥယျာဉ်/ဘေးမဲ့တော (၁၉) ခုအနေဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ မီနီဘက်ဂျက် (၆) လတွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်ပြီး ကြိုတင် ပြင်ဆင်ထားမှုနှင့် ဆောင်ရွက်မည့်အစီအမံများကို ပြည်စုံစွာတင်ပြသွားကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။
အခမ်းအနားသို့ သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ဥယျာဉ်/ဘေးမဲ့တောများမှ အုပ်ချုပ်ရေးမှူးများ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)