နေပြည်တော် အောက်တိုဘာ ၁၁
ကြံခင်းမြို့နယ်၊ ကလို့ကွင်းကျေးရွာတွင် PDF သင်တန်းဆင်း အကြမ်းဖက်သမားတစ်ဦး ရောက်ရှိနေ ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက်ဖမ်းဆီး၍ လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ၎င်း၏ ထွက်ဆိုချက်အရ သစ်ဆိမ့်ကုန်း ကျေးရွာအနီးရှိ တောင်ယာတဲတစ်ဝိုက် တွင်းတူးမြုပ် ထားသည့် MK-12 ၁၁ လက်၊ M-22 ၈ လက်၊ M-16 ၃ လက်၊ ၅.၅၆ ကျည် ၃၅၀ တောင့်၊ ၇.၆၂ ကျည် ၁၃ဝ တောင့်၊ AK-47 ကျည် ၆ဝဝ တောင့်၊ ပြောင်းချော ကျည် ၁၁၂ဝ တောင့်၊ နင်းမိုင်းအသေး ၃ လုံး၊ နင်းမိုင်းအကြီး (ယမ်းမပါ) ၁ လုံး၊ ရှေ့ထွက်မိုင်း ၂ လုံး၊ ကျည်အိမ်မျိုးစုံ ၄၂ ခု၊ MK-12 ပြောင်း(အပို) ၁၁ ချောင်း၊ MK-12 လက်ကိုင် ၃ ခု၊ ယမ်းထုတ် ၄ ထုတ်နှင့် ဆက်စပ်ပစ္စည်းမျိုးစုံ ၁၇ ခု တို့အား အောက်တိုဘာလ (၉) ရက် ညနေပိုင်းတွင် သိမ်းဆည်းရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံအား စိစစ်ဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများအား KNU၊ တပ်မဟာ(၆) နယ်မြေဘက်မှ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်းနှင့် တပ်မဟာ (၇) နယ်မြေအတွင်းလည်း PDF အကြမ်းဖက်အဖွဲ့များရောက်ရှိ ခိုအောင်း လျက်ရှိကြောင်း သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။