ဦးမွန်ကျော်မြင့်
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး စီမံဆောင်ရွက်မှုနှင့်ပတ်သက်ပြီး နေပြည်တော် ဒုတိယပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး၊ နေပြည်တော်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးနှင့် ဇမ္ဗူသီရိမြို့နယ် အုပ်ချုပ်ရေးမှူးတို့အား တွေ့ဆုံမေးမြန်းခဲ့သည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်။
ဒေါက်တာစည်သူ
နေပြည်တော် ဒုတိယပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး
မေး။ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ အခြေခံပညာ အလယ်တန်း၊ အထက်တန်းကျောင်းတွေမှ အသက် ၁၂ နှစ်နဲ့ အထက် ကျောင်းသား ကျောင်းသူတွေကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမယ့် အစီအစဉ်တွေ ဆောင်ရွက်ထားရှိမှု အခြေအနေကို သိပါရစေရှင့်။
ဖြေ။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ် (၅)ရပ် ထဲမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်း လည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးခြင်းဟာ အရေးပါတဲ့ ကဏ္ဍတစ်ရပ်ဖြစ်ပါတယ်။ ဒါ့အတွက် မိမိတို့ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ အခြားသောကုသရေး၊ သီးသန့်ခွဲခြား အသွားအလာကန့်သတ် စောင့်ကြည့်ရေးတွေမှာ ကြိုးစား ဆောင်ရွက်နေသလို ကာကွယ်ဆေးထိုးနှံမှုကိုလည်း လစ်ဟင်းမှုမရှိရအောင် ဦးတည်အုပ်စုတွေ သတ်မှတ်ပြီး ဦးစားပေးထိုးနှံလျက်ရှိပါတယ်။ ၂၀၂၁ ခုနှစ် ဇူလိုင် လတတိယပတ်မှစပြီး အသက် ၆၅ နှစ်နဲ့အထက်၊ စက်တင်ဘာလမှ စတင်၍ ၅၅ နှစ်နဲ့အထက်၊ မသန်စွမ်းသူတွေနဲ့ နာတာရှည်ရောဂါရှိသူ တွေကို ဦးစားပေးအုပ်စုသတ်မှတ်ပြီး ထိုးနှံ ပေးခဲ့ပါတယ်။ အခုအခါ နိုင်ငံ့အနာဂတ်ဖြစ်တဲ့ မျိုးဆက်သစ် အခြေခံပညာ အလယ်တန်း၊ အထက်တန်းအဆင့်တွေမှာ ပညာသင်ယူနေတဲ့ ကျောင်းသား ကျောင်းသူတွေကို ဦးစားပေးအုပ်စု အနေနဲ့ သတ်မှတ်ပြီး တစ်နိုင်ငံလုံးအတိုင်း အတာနဲ့ ထိုးနှံပေးဖို့ ဆောင်ရွက်နေပါတယ်။
မေး။ အသက် ၁၂ နှစ်နဲ့အထက် ကျောင်းသား ကျောင်းသူတွေကို ထိုးနှံပေးမယ့် ကိုဗစ်၁၉ ရောဂါ ကာကွယ်ဆေးရဲ့ အမျိုးအစားနဲ့ ဆေးတစ်လုံးကို ဘယ်နှယောက်ထိုးပေးမလဲ သိပါရစေရှင့်။
ဖြေ။ ကျောင်းသား ကျောင်းသူတွေကို Beijing based pharmaceutical company က ထုတ်လုပ်ပြီး WHO က ဒီဆေးနဲ့ပတ်သက်ပြီး လုံခြုံစိတ်ချရမှု၊ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီတယ်လို့ အသိအမှတ်ပြုထားပါတယ်။ Emergency Use Listing (EUL) အရေးပေါ်အခြေအနေမှာသုံးနိုင်ဖို့ WHO ကလက်ခံ ထားတဲ့ ကာကွယ်ဆေးတွေထဲမှာ တစ်ခု အပါအဝင်ဖြစ်တဲ့ Sinovac ကာကွယ်ဆေးကို ထိုးနှံ ပေးမှာဖြစ်ပါတယ်။ လေ့လာထားရှိမှုတွေအရ Sinovac ကာကွယ်ဆေး ထိုးထားသူတွေဟာ ရောဂါ လက္ခဏာဖြစ်ပေါ်မှု ၅၁ ရာခိုင်နှုန်းခန့် ကာကွယ်နိုင်တာ တွေ့ရပါတယ်။ ပြင်းထန် ကိုဗစ်၁၉ ရောဂါနဲ့ ဆေးရုံတက်ကုသရမှုတွေကို ၁၀၀ ရာခိုင်နှုန်း ကာကွယ်နိုင်တာ တွေ့ရပါတယ်။
နောက်ဆုံးရထားတဲ့ အချက်အလက်တွေအရ Sinovac ကာကွယ်ဆေးကို လက်ခံထားတဲ့နိုင်ငံပေါင်း ၂၆ နိုင်ငံရှိပါတယ်။ ဥရောပနိုင်ငံတချို့တွေမှာ ဆိုရင်လည်း ကန့်သတ်ထားတာရှိပါတယ်။ တချို့ နိုင်ငံတွေကတော့ Sinovac ကာကွယ်ဆေးထိုးထားတဲ့ လက်မှတ်ရရှိထားတယ်ဆိုရင် သူတို့နိုင်ငံတွေကို ပေးဝင်နေတာ တွေ့ရပါတယ်။ ဒီ sinovac ကာကွယ်ဆေးကို ဘယ်လိုထိုးမလဲဆိုရင် လူတစ်ဦးကို သုည ဒသမ ၅ ml ထိုးပါတယ်။ ဆေးတစ်ပုလင်းကို လူနှစ်ဦးနှုန်းနဲ့ ထိုးနှံမှာ ဖြစ်ပါတယ်။ ဒါကို လေးပတ်ခြားပြီးတဲ့အခါမှာ ဒုတိယအကြိမ် ထိုးနှံပေးမှာ ဖြစ်ပါတယ်။ ကာကွယ်ဆေးကို ဘယ်ဘက်လက်မောင်းကြွက်သားထဲကို ထိုးမှာ ဖြစ်ပါတယ်။
လက်ရှိတရုတ်နိုင်ငံမှာ အသက်သုံးနှစ်မှ ၁၇ နှစ်ကြား ၆၃ သန်းထိ ထိုးနှံထားတာကို တွေ့ရ ပါတယ်။ ချီလီနိုင်ငံမှာဆိုရင် အသက် ၁၆ နှစ်မှ ၁၇ နှစ်ထိကလေးတွေကို ၈၇ ရာခိုင်နှုန်း၊ အသက် ၁၄ နှစ်မှ ၁၅ နှစ်ထိ ကလေးတွေကို ၈၁ ရာခိုင်နှုန်း၊ အသက် ၁၂ နှစ်မှ ၁၃ နှစ်ထိ ကလေးတွေကို ၅၇ ရာခိုင်နှုန်းထိုးနှံထားတာကို တွေ့ရပါတယ်။
မေး။ ကာကွယ်ဆေးထိုးလုပ်ငန်း အောင်မြင်အောင် ဆောင်ရွက်ရာမှာ ဆရာ၊ မိဘ၊ ကျောင်းသား အားလုံး ပါဝင်ဆောင်ရွက်နိုင်ဖို့အတွက် တိုက်တွန်း စကားလေး ပြောကြားပေးပါရှင့်။
ဖြေ။ ကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ခြင်းလုပ်ငန်းတွေကို ဆောင်ရွက်လျက်ရှိရာမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု လုပ်ငန်းဟာ အရေးကြီးတဲ့ လုပ်ငန်းတစ်ရပ်ဖြစ်ပြီး မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနဲ့ ရောဂါကြောင့် သေဆုံးမှုကို လျှော့ချဖို့၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးဖို့၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် နိုင်ငံ့စီးပွားရေး ထိခိုက်မှုကို လျှော့ချနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေ ချမှတ်ကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို ဆောင်ရွက်လျက်ရှိပါတယ်။ ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ အခြေခံပညာအထက်တန်းနဲ့ အလယ်တန်းကျောင်းတွေမှာ ပညာသင်ယူနေတဲ့ ကျောင်းသား ကျောင်းသူတွေကို မြို့ပြ၊ ကျေးလက်မကျန် ကိုဗစ်၁၉ရောဂါကာကွယ်ဆေးတွေ စနစ်တကျထိုးနှံပေးမှာ ဖြစ်ပါတယ်။ ကာကွယ်ဆေးအကြိမ် ပြည့်ထိုးနှံပြီးပါက ကျောင်းသား ကျောင်းသူတွေအနေနဲ့ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ လမ်းညွှန်ချက်တွေနဲ့အညီ ကျောင်းတွေမှာ လုံခြုံစိတ်ချစွာ ပညာသင်ကြားသင်ယူခွင့် ရရှိမှာဖြစ်ပါတယ်။ ကျောင်းသား ကျောင်းသူတွေအတွက် ပညာသင်ယူမှု အခွင့်အလမ်းရရှိမှာဖြစ်တဲ့ အပြင် ပြည်သူလူထုအတွင်းမှာလည်း ဦးတည်အုပ်စု အလိုက် ကာကွယ်ဆေးတွေ ထိုးနှံခြင်းဖြင့် ရောဂါဖြစ်ပွား သေဆုံးမှုကို တားဆီး ကာကွယ်နိုင်တဲ့ အကျိုးရလဒ်တွေ ရရှိမှာဖြစ်ပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဗဟို ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေး ကော်မတီတို့ရဲ့ လမ်းညွှန်ချက်အပေါ်မူတည်ပြီး နိုင်ငံတော်က ငွေကုန်ကြေးကျခံကာ အခမဲ့ထိုးနှံပေးနေတာဖြစ်တဲ့အတွက် မိဘနှင့် ဆရာ ဆရာမတွေက ပူးပေါင်းပြီး မိမိတို့ရဲ့ ရင်သွေးရတနာ ကျောင်းသားကျောင်းသူတွေကို လာရောက်ထိုးနှံပေးကြပါလို့ တိုက်တွန်းနှိုးဆော်လိုပါတယ်။
ဦးမွန်ကျော်မြင့် (ဒုတိယညွှန်ကြားရေးမှူး)
နေပြည်တော်ပညာရေးမှူးရုံး
မေး။ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ အခြေခံပညာကျောင်းတွေ ဘယ်လောက်ရှိပါသလဲ သိပါရစေရှင့်။
ဖြေ။ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းမှာ မြို့နယ် ရှစ်မြို့နယ်ရှိပါတယ်။ အခြေခံ ပညာကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနဲ့ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်း စုစုပေါင်း ၈၅၉ကျောင်း အနက် အထက်တန်းဆင့်နဲ့ အလယ်တန်းဆင့် စာသင်ကျောင်း ၄၉၆ကျောင်းမှာရှိတဲ့၁၂ နှစ်နဲ့အထက် ကျောင်းသား ကျောင်းသူတွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးဖို့ရှိပါတယ်။ ။
မေး။ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမယ့် အသက် ၁၂ နှစ်နဲ့အထက် ကျောင်းသား ကျောင်းသူ ဘယ်လောက်ရှိပါသလဲ သိပါရစေရှင့်။
ဖြေ။ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမယ့် အသက် ၁၂ နှစ်နဲ့အထက် ကျောင်းသားကျောင်းသူပေါင်း ၈၃၉၆၉ ဦးရှိပါတယ်။ ဒီဦးရေ ထဲမှာ အထက်တန်းကျောင်းသားပေါင်း ၂၀၂၅၇ ဦး၊ အလယ်တန်းကျောင်းသားပေါင်း ၆၃၇၁၂ ဦး တို့ကို ထိုးနှံပေးမှာဖြစ်ပါတယ်။
မေး။ အသက် ၁၂ နှစ်နဲ့အထက် ကျောင်းသားကျောင်းသူတွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမယ့် အစီအစဉ်တွေ ဆောင်ရွက်ထားမှုအခြေအနေကို သိပါရစေရှင့်။
ဖြေ။ ပထမဦးစွာ မြို့နယ်နဲ့ ကျောင်းအသီးသီးမှ အသက် ၁၂ နှစ်နဲ့အထက်ကျောင်းသား ကျောင်းသူတွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမယ့် စီမံချက်တွေ ရေးဆွဲစေခဲ့ပါတယ်။ မြို့နယ်ပညာရေးမှူးတွေက မိမိတို့မြို့နယ်ရှိ အခြေခံပညာကျောင်းတွေ၊ ဘုန်းတော်ကြီးသင်ပညာ ရေးကျောင်းတွေ၊ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းတွေမှ ၁၂ နှစ်နဲ့အထက် ကျောင်းသား ကျောင်းသူ ကျောင်းအပ်နှံစာရင်းကို သက်ဆိုင်ရာ ကျောင်းအုပ်ကြီးတွေကို တာဝန်ပေးကောက်ယူပြုစု ဆောင်ရွက်စေတာ၊ ဆေးထိုးစုရပ်နေရာတွေ ရွေးချယ်တာ၊ စာရင်းရေးသွင်းတာ ပြင်ဆင်တာ၊ ပညာရေး ဝန်ထမ်းတွေကို လိုအပ်ချက်ဦးရေအရ တာဝန် ပေးအပ်ထားပါတယ်။
မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ကြီးတွေနဲ့ တာဝန်ရှိသူတွေက ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ဆေးထိုးနှံမှုနဲ့ပတ်သက်ပြီး အသက် ၁၂ နှစ်နဲ့အထက် ကျောင်းသား ကျောင်းသူတွေနဲ့ သူတို့တွေရဲ့ မိဘ အုပ်ထိန်းသူတွေကို ကြိုတင်အသိပညာပေး ဆောင်ရွက်ပြီး မိဘအုပ်ထိန်းသူတွေရဲ့ သဘောတူညီချက် လက်မှတ် ရယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ဆေးထိုးစုရပ်နေရာတွေမှာ ဆေးထိုးနှံမယ့် ကျောင်းသား ကျောင်းသူတွေကို School Bus တွေနဲ့ သယ်ယူပို့ဆောင်နိုင်ဖို့နဲ့ ဘေးအန္တရာယ်ကင်း လုံခြုံစိတ်ချစွာ သွားရောက်နိုင်ဖို့ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဆောင်ရွက်ထားပါတယ်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းမှာ ပါဝင်သူအားလုံး ကျန်းမာရေးဝန်ကြီးဌာနရဲ့ မူဝါဒညွှန်ကြားချက် တွေကို တိကျစွာအလေးထားလိုက်နာဖို့ အထူး ကြပ်မတ်ဆောင်ရွက်ထားပါတယ်။ အကြောင်း အမျိုးမျိုးကြောင့် ဆေးထိုးနှံဖို့ ကျန်ရှိခဲ့တဲ့ကျောင်းသား ကျောင်းသူတွေကို ကျောင်းတွေ ပြန်လည်ဖွင့်လှစ်တဲ့အချိန်ကျရင် ထိုးနှံနိုင်ဖို့ ဆောင်ရွက်ထားပါတယ်။ ။
မေး။ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမယ့် ကျောင်းသားကျောင်းသူတွေရဲ့ မိဘတွေနဲ့ ညှိနှိုင်းဆောင်ရွက်ထားရှိမှု အခြေအနေကို သိပါရစေရှင့်။
ဖြေ။ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မြို့နယ် ရှစ်မြို့နယ်ရဲ့ ဆေးထိုး စုရပ်နေရာတွေမှာ အောက်တိုဘာ ၁၂ ရက်ကစပြီး ၁၂ နှစ်နဲ့အထက် အထက်တန်းနဲ့ အလယ်တန်း ကျောင်းသား ကျောင်းသူတွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးတော့မှာဖြစ်ပါတယ်။ ကျောင်းအုပ်ကြီးနဲ့ ဆရာ ဆရာမတွေ၊ မိဘဆရာအသင်း၊ ကျောင်းအကျိုးတော်ဆောင် အဖွဲ့တွေက မိဘအုပ်ထိန်းသူတွေကို မိမိတို့ရဲ့ သားသမီးတွေအားလုံး ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးနှံရာမှာ ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ ညှိနှိုင်းဆောင်ရွက်ထားပါတယ်။
မေး။ ကာကွယ်ဆေးထိုးလုပ်ငန်းမှာ မိဘတွေနဲ့ ကျောင်းသား ကျောင်းသူအားလုံး ပါဝင်လာစေဖို့အတွက် အကြံပြုစကား ပြော ကြားပေးပါရှင့်။
ဖြေ။ မြန်မာနိုင်ငံမှာ စာသင်ကျောင်းတွေ ပြန်ဖွင့်တော့မယ်ဆိုရင် ဆရာ၊ မိဘ၊ ကျောင်းသား ကျောင်းသူတွေ အပြန်အလှန် ယုံကြည်မှုရှိဖို့လိုပါတယ်။ ဒါမှသာ နိုင်ငံ့သားကောင်း သမီးကောင်းကျောင်းသား ကျောင်းသူတွေ ကျန်းမာပျော်ရွှင်စွာနဲ့ ပညာသင်ယူနိုင်မှာဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရကလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို National Planning မှာ ဦးတည်အုပ်စုတွေ သတ်မှတ်ပြီး ထိုးနှံပေးလျက်ရှိရာ နိုင်ငံ့ဝန်ထမ်းတွေ၊ ဆရာ ဆရာမတွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံထားပြီး ဖြစ်ပါတယ်။ အခုအခါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတွေကို အသက် ၁၂ နှစ်နဲ့အထက် အထက်တန်းနဲ့ အလယ်တန်း ကျောင်းသား ကျောင်းသူတွေကို အပြည့်အဝ ထိုးနှံပေးပြီး စာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ စီစဉ်ဆောင်ရွက်လျက်ရှိတဲ့ အချိန်အခါကောင်း ဖြစ်ပါတယ်။ ဒါကြောင့် ကလေးတွေကို ကာကွယ် ဆေးထိုးနှံတဲ့လုပ်ငန်း အောင်မြင်ဖို့အတွက် မိဘ တွေရဲ့ ပူးပေါင်းပါဝင်မှု အခန်းကဏ္ဍဟာ အလွန် အရေးပါလှပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ မိမိတို့ရဲ့ ရင်သွေးငယ်သားသမီးတွေ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အပြည့်အဝထိုးနှံကြဖို့နဲ့ ကာကွယ်ဆေးထိုးနှံတဲ့လုပ်ငန်းတွေမှာ အင်တိုက် အားတိုက် ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ အကြံပြု တိုက်တွန်းအပ်ပါတယ်။
ဦးနေမျိုးထွန်း
ဇမ္ဗူသီရိမြို့နယ်အုပ်ချုပ်ရေးမှူး
မေး။ အသက်(၁၂)နှစ်အထက် ကျောင်းသားကျောင်းသူတွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ စီမံဆောင်ရွက်ထားရှိမှု အခြေအနေတွေကို သိပါရစေရှင့်။
ဖြေ။ (၁၂)နှစ်အထက် (၁၈)နှစ်အောက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်း အဆင့် ကျောင်းသား ကျောင်းသူတွေကို ဆေးထိုးပေးနိုင်ရေးအတွက် ကျွန်တော်တို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အနေနဲ့ သက်ဆိုင်တဲ့ မြို့နယ်ပညာရေးမှူး၊ သက်ဆိုင်ရာ ကျောင်းအုပ်ကြီးတွေ၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီ၊ ပရဟိတအဖွဲ့အစည်းတွေ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေနဲ့ အစည်းအဝေးပြုလုပ်ပြီးတော့ စီမံချက်ရေးဆွဲ ဆောင်ရွက်လျက်ရှိပါတယ်။ နေပြည်တော်မှာ အောက်တိုဘာ ၁၂ ရက်နေ့ကစပြီး သတ်မှတ်နေရာတွေမှာ ပထမအကြိမ် စတင်ထိုးနှံမှာဖြစ်တဲ့အတွက် ဆေးထိုးစုရပ်နေရာ တွေပြင်ဆင်တာ၊ ပိုးသတ်ဆေးဖျန်းတာ၊ ကျောင်းသား ကျောင်းသူတွေရဲ့ စာရင်းတွေကို သက်ဆိုင်ရာ ကျောင်းအုပ်ကြီးတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်တာ၊ ကာကွယ်ဆေးနဲ့ပတ်သက်ပြီး ကျောင်းသားကျောင်းသူတွေနဲ့ မိဘအုပ်ထိန်းသူတွေသိရှိစေဖို့ ကြိုတင်အသိပညာပေးရှင်းလင်းတာ၊ ဆေးထိုးစုရပ် နေရာတွေမှာ ကျောင်းသား ကျောင်းသူတွေ အဆင်ပြေချောမွေ့စွာ လာရောက်ဆေးထိုးနိုင်ရေး စီမံချက်ရေးဆွဲပြီး ဆောင်ရွက်လျက်ရှိပါတယ်။
မေး။ ဇမ္ဗူသီရိမြို့နယ်အတွင်း ကာကွယ်ဆေးထိုးနှံပေးမယ့် ကျောင်းနဲ့ ကျောင်းသားကျောင်းသူ အရေအတွက်ကို သိပါရစေရှင့်။
ဖြေ။ ကျွန်တော်တို့ ဇမ္ဗူသီရိမြို့နယ်မှာ အခြေခံပညာအထက်တန်း ကျောင်းပေါင်း ကိုးကျောင်း၊ အလယ်တန်းကျောင်းနဲ့ မူလတန်း လွန်ကျောင်း ရှစ်ကျောင်း စုစုပေါင်း ၁၇ ကျောင်းရှိပါတယ်။ နောက်တစ်ခုက ပုဂ္ဂလိကကိုယ်ပိုင်အထက်တန်းကျောင်း ခုနစ်ကျောင်းပေါ့။ ဒီကျောင်းတွေမှာရှိတဲ့ ကျွန်တော်တို့ အခြေခံပညာအလယ်တန်းကျောင်းနဲ့ အထက်တန်းကျောင်းမှာရှိတဲ့ ကျောင်းသား ကျောင်းသူ ၆၈၈၇ ဦးကို အောက်တိုဘာ ၁၂ ရက် နေ့ကစပြီးတော့ Sinopharm ကာကွယ်ဆေးအမျိုး အစားကို ထိုးနှံပေးနိုင်ရေး စီစဉ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
မေး။ အသက်(၁၂)နှစ်အထက် ကျောင်းသားကျောင်းသူတွေကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံရေးအတွက် မိဘပြည်သူတွေကို ဆရာ့အနေနဲ့ အကြံပြုစကားပြောကြားပေးပါရှင့်။
ဖြေ။ ကျွန်တော့်အနေနဲ့ မိဘပြည်သူတွေကို ဆွေးနွေးအကြံပြုတင်ပြချင်တာကတော့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံထားတာဟာ ခုခံအားစနစ်တွေ ပိုမိုကောင်းလာမယ်၊ ကလေးတွေ အနေနဲ့လည်း ကာကွယ်ဆေးထိုးနှံပြီးရင် ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်လာနိုင်မှာဖြစ်တဲ့ အတွက် ပညာသင်ယူမှု အခွင့်အလမ်းတွေ ပိုမိုရရှိလာမယ်။ ကာကွယ်ဆေးထိုးထားတော့ ကျောင်းသား လူငယ်လေးတွေကနေ မိသားစုဝင်တွေကို ကူးစက်ပြန့်ပွားတာကို ထိန်းချုပ်နိုင်မယ်။ ကျွန်တော်တို့ အနေနဲ့ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်၊ ကာကွယ်ရေးလုပ်ငန်းတွေကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားနိုင်မှာ ဖြစ်တဲ့အတွက် ကာကွယ်ဆေးကို မပျက်မကွက်ထိုးနှံပေးကြပါ။ ဒီကာကွယ် ဆေးနဲ့ပတ်သက်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကလည်း ဆွေးနွေးတင်ပြခဲ့သလိုပဲ လူ တစ်သိန်းမှာ ၂ ဒသမ ၈ ရာခိုင်နှုန်း၊ အများဆုံး သုံးဦးလောက်ပဲ နောက်ဆက်တွဲပြဿနာ ဖြစ်ပွားတာဖြစ်တဲ့အတွက် ဒီကာကွယ်ဆေးအပေါ်မှာ စိုးရိမ်ကြောင့်ကြမှုမဖြစ်ကြဖို့နဲ့ ကာကွယ်ဆေး ထိုးနှံမှုရဲ့ အကျိုးကျေးဇူးက ဆိုးကျိုးထက်ကောင်းကျိုးက ပိုများတဲ့အတွက် ကာကွယ်ဆေး ထိုးနှံပေးကြပါလို့ တိုက်တွန်းပြောကြား အကြံပြုအပ်ပါတယ်ခင်ဗျာ။
တွေ့ဆုံမေးမြန်း - သိမ့်ဝါ၊ ထွန်းထွန်းဝင်း
ဓာတ်ပုံ - နိုင်မင်းထက်