Skip to main content

တိုင်းဒေသကြီးများနှင့် ပြည်နယ်မြို့ကြီးများသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများအား မော်တော် ယာဉ်များဖြင့် ပို့ဆောင်ဖြန့်ဖြူး

 

ရန်ကုန် အောက်တိုဘာ ၉

 

ကိုဗစ်-၁၉ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများအား  တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို တပ်မတော်သားဆရာ၀န်များ၊ ကျန်းမာရေး ၀န်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharm များအား သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တပ်မတော်လေယာဉ်များ၊ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိသည်။

 

ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန် မြို့နယ်၊ မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကာကွယ်ဆေးသို လှောင်ခန်းမှ ဆေးတစ်လုံးလျှင် လူငါးဦး ထိုးနိုင်သော Sinopharm ဆေးများအား မန္တလေးမြို့သို့ ကာကွယ်ဆေး အလုံးပေါင်း ၁၂၀၀၀၀ လုံး၊ နေပြည်တော်ကောင်စီနယ်မြေသို့ ကာကွယ်ဆေးအလုံးပေါင်း ၂၈၅၇၂ လုံး၊ မုံရွာမြို့သို့ ကာကွယ်ဆေး အလုံးပေါင်း ၃၀၂၀၀ လုံးနှင့် တောင်ကြီးမြို့သို့ ကာကွယ်ဆေး အလုံးပေါင်း ၃၈၀၄၅ လုံးတို့ကို Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ဆက်လက်ဖြန့်ဖြူးပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ဖြန့်ဖြူးပေးသော ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ဦးတည်အုပ်စုလူဉီးရေ ဦးစားပေး အစီအစဉ်များနှင့်အညီ ပြည်သူများသို့ အမြန်ဆုံးထိုးနှံပေးနိုင်ရေးအတွက် ဆောင်ရွက် ခြင်းဖြစ်သည်။ ယင်းအတွက် သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း အချိန်နှင့် တပြေးညီ ဖြန့်ဖြူးပေးခြင်းဖြစ်သည်။ အလားတူဝေးလံခက်ခဲသော ဒေသများသို့ တပ်မတော်(လေ) ရှိ ပို့ဆောင်ရေး လေယာဉ်များဖြင့် မြန်မာ့လေကြောင်းတို့၏ အကူအညီများ ရယူကာ လေကြောင်း ခရီးများဖြင့် ဆက်လက်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်