နေပြည်တော် အောက်တိုဘာ ၉
ရေလှောင်တမံကြီးများ ဘေးကင်းလုံခြုံရေးနှင့် ပတ်ဝန်းကျင်သာယာလှပရေး၊ လျာထား စိုက်ဧကပြည့် ဆည်ရေပေးဝေနိုင်ရေး ၊ ဆည်ရေစီမံခန့်ခွဲမှုဆိုင်ရာ နည်းပညာ ၊ အသိပညာ ဖြန့်ဝေရေးလုပ်ငန်းများကို လုပ်ငန်းကဏ္ဍတစ်ခုချင်းအလိုက် တိုးမြှင့်ဆောင်ရွက်ရန်လိုကြောင်း ယနေ့နံနက်ပိုင်းတွင် ငမိုးရိပ်ရေလှောင်တမံသို့ ရောက်ရှိစစ် ဆေးစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က တာဝန်ရှိသူများကို ဆွေးနွေးပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ဖောင်ကြီးကျေးရွာအနီး ငမိုးရိပ်ချောင်းပေါ်တွင် တည်ဆောက်ထားသည့် ငမိုးရိပ်ရေလှောင်တမံမှ စိုက်ပျိုးမြေဧရိယာ ဧကသုံး သောင်းကျော်နှင့် မြို့ရေပေးဝေရေးအတွက် နေ့စဉ်ရေဂါလန်(သန်း၁၃၀)ကျော် အကျိုးပြုလျက်ရှိသည်။ ယခုနှစ် မိုးရာသီတွင် ကန်ရေပြည့်သိုလှောင်နိုင်ခဲ့သဖြင့် လက်ရှိတွင် ရေဧကပေ ၃၅၀၀၀၀ ကျော် သိုလှောင်ထိန်းသိမ်းထားလျက်ရှိကြောင်း၊ ရေပိုလွှဲပေါ်တွင် ရေကျော်ကျလာပါ အလိုအလျောက် လဲနိုင်သည့် (၂)ပေအမြင့် သစ်သားရှပ်တာ တပ်ဆင်ခဲ့သဖြင့် ယခုနှစ်အတွက် ဆည်ရေ ဧကပေ(၂၀၀၀၀) ပိုမို သိုလှောင်ထားနိုင်ခဲ့ခြင်းကြောင့် နွေစပါး ဧက(၄၀၀၀)အတွက် စိုက်ပျိုးရေ ပိုမိုပေးဝေနိုင်မည် ဖြစ်ကြောင်း၊ ၎င်းအပြင် ငမိုးရိပ် ရေလှောင်တမံအား ရေကူပေးနေသည့် ပေါင်းလင်းတမံနှင့် မဟူရာတမံ တို့တွင်လည်း ယခုနှစ် ကန်ရေပြည့် သိုလှောင်ထားနိုင်လျက်ရှိရာ ငမိုးရိပ်ဆည်ရေသောက် ဧရိယာအတွင်းရှိ စိုက်ပျိုး မွေးမြူရေးနှင့် ရန်ကုန်မြို့ တော်ပတ်ဝန်းကျင် စိမ်းလန်း စိုပြည်ရေး လုပ်ငန်းများကို အပြည့်အဝ အကျိုးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။
ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မှော်ဘီမြို့ ညောင်နှစ်ပင်စိုက်ကွင်းရှိ စိမ်းလန်းသမဝါယမအသင်း ၏ ဓါတုကင်းလွတ် ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ်မှု ဧရိယာ အတွင်း သမဝါယမအသင်းဝင် တောင်သူ အိမ်ထောင်စု (၂၀၀) က ဂျီအေပီ အသိအမှတ်ပြု လက်မှတ်ရ ဟင်းသီး ဟင်းရွက် စိုက်ပျိုးထုတ်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေး အားပေးရာ တာဝန်ရှိသူများက ရှင်းလင်း တင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက အစားအစာ ဘေးကင်းလုံခြုံရေးနှင့် အာဟာရ ပြည့်ဝရေးကို အလေးထားသုံးစွဲလာသည့် စားသုံးသူများ တိုးပွားလာလျက်ရှိ သကဲ့သို့ ဓါတုကင်းလွတ် ထုတ်ကုန်များ ဂျီအေပီထုတ်ကုန်များ စိုက်ပျိုး ထုတ်လုပ်သည့် တောင်သူများ လုပ်ငန်းရှင်များလည်း တိုးတက်လာလျက်ရှိရာ ဌာနဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် နည်းပညာ အသိပညာဖြန့်ဝေပေးခြင်း အားပေးကူညီခြင်း လုပ်ငန်းများအပြင် လက်လီလက်ကားဈေးများနှင့် ချိတ်ဆက်ပေးခြင်းဖြင့် စိုက်ပျိုး ထုတ်လုပ်သူများ ဝင်ငွေတိုးတက် မြင့်မားစေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)