Skip to main content

မြို့ပြဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အောက်တိုဘာလ ၇ ရက်နေ့က စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးပြီး သက်ဆိုင်ရာ တာဝန်ရှိသူများအား လမ်းညွှန်မှာကြား၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်သည် ကမာရွတ်မြို့နယ် ဟံသာဝတီ အဝိုင်းအနီး ပြည်လမ်းမကြီးတွင် ဖေဖောက်လုပ်ထားသည့် မြန်မာနိုင်ငံ၏ ပထမဦးဆုံးမြေအောက် လမ်းကူးလူသွားဥမင်ကို တက်ရောက် ဖွင့်လှစ်ပေးပြီး ရန်ကုန်မြို့အတွင်း လူဦးရေနှင့် ပို့ဆောင် ဆက်သွယ်ရေး ယာဉ်အရေအတွက် တိုးပွားလာလျက်ရှိပြီး လမ်းရိယာများတိုးချဲ့ရန် မဖြစ်နိုင်သည့် အတွက် နှစ်ထပ်လမ်းကြောင်းများ၊ မြေအောက်ဥမင်လမ်းကြောင်းများကို မဖြစ်မနေ လုပ်ဆောင်ရန် လိုအပ်လာသည့်အခြေအနေ၊ ယခုမြေအောက်လမ်းကူးလူသွားဥမင်သည် မြေအောက်ရထားလမ်း အကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်းများ၏ ကနဦးခြေလှမ်းအစဖြစ်ပြီး ဆက်လက် လုပ်ဆောင်သွားနိုင်မည့် အခြေအနေများ နှင့်ပတ်သက်၍ လိုအပ်သည်များကို ဆွေးနွေးပြောကြားကာ မီးဘေးအန္တရာယ် ကာကွယ်ရေး၊ အရေးပေါ်အခြေအနေ ကယ်ဆယ်ရေး၊ အသုံးပြုသွားလာသူများ၏ လုံခြုံရေးဆိုင်ရာများနှင့်ပတ်သက်၍ မှာကြားခဲ့သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများကို တွေ့ဆုံမှာကြား ရာတွင် လာမည့်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသည့် ပြည်သူအားလုံး ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံသားမှတ်ပုံတင်ကတ်ပြားများ ရရှိရေး၊ အိမ်ထောင်စု စာရင်းများ မှန်ကန်ရေး၊ လူဦးရေစာရင်းများ မှန်ကန်ရေးတို့ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရန်ကုန်မြို့ သည် ပညာသင်ကြားရေး၌ ထိပ်တန်းနေရာတွင်ရှိပြီး လွတ်လပ်ရေးရရှိသည်မှ ၂၀၀၆ ခုနှစ်အထိ နိုင်ငံ၏မြို့တော်အဖြစ် တည်ရှိခဲ့သဖြင့် လုပ်ငန်းများဆောင်ရွက်ရာ တွင် အခြေအနေကောင်း များစွာရှိကြောင်း၊ ရေခံမြေခံကောင်းမွန်ပြီးဖြစ်သဖြင့် အခြားဒေသများထက် ပိုမိုကောင်းမွန် တိုးတက်အောင် တာဝန်ရှိသူများအနေဖြင့် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ ရန်ကုန်မြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွား မှုနှင့်ပတ်သက်၍ တတိယလှိုင်းတွင် ဖြစ်ပွားမှုများ များပြားခဲ့သော်လည်း ယခုအခါ ကူးစက်မှုနှုန်း အနိမ့်ဆုံးနှင့် သေဆုံးမှုနှုန်းအနိမ့်ဆုံးသို့ ရောက်ရှိနေပြီဖြစ်သဖြင့် ဆက်လက်ထိန်းသိမ်း ဆောင်ရွက်ကြရန်လိုကြောင်း မှာကြားခဲ့သည်။

ထို့အပြင် ရန်ကုန်မြို့တော် သန့်ရှင်းသာယာလှပရေးအတွက် တာဝန်ရှိသူများ အနေဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်ကြရန်၊ မိုးရာသီကာလအတွင်း ရေကြီးရေလျှံမှုကို ထိန်းနိုင်အောင်ကြိုးပမ်း ဆောင်ရွက် ခဲ့ကြသည့် တာဝန်ရှိသူအသီးသီးကို အသိအမှတ်ပြုကြောင်းနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် ရန်ကုန်မြို့နေ ပြည်သူများကိုလည်း ချီးကျူးကြောင်း၊ သစ်ပင်များစိုက်ပျိုးပြီး အမှိုက်များကင်းစင်အောင် ပြုလုပ်ခြင်းဖြင့် Green City, clean city ဖြစ်အောင်ဆောင်ရွက်ရေး၊ ကျန်းမာ ကြံ့ခိုင်မှုအတွက် ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ရေး၊ လူများ၏ စားသောက်ရေးအတွက် ဈေးဆိုင်များဖွင့်လှစ်ကြပြီး ဈေးဆိုင်အများစုသည် လမ်းမများ၏ဘေး များတွင်ရှိကြ၍ အချို့ဈေးဆိုင်များ၏ ဆိုင်းဘုတ်များ၊ အမှိုက်များ လူအများသွားလာ လှုပ်ရှားလျက်ရှိသည့် လမ်းမများပေါ်သို့ ရောက်ရှိနေသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ထိန်းသိမ်း ဆောင်ရွက်ကြရန်၊ အလုပ်အကိုင်များရရှိအောင် စီမံကိန်းများ ချမှတ်အကောင်အထည်ဖော်လျက်ရှိပြီး ကျေးလက်မြို့ပြကွာဟမှုကို လျှော့ချမှသာ ကျူးကျော်နေထိုင်သူများ၏ ပြဿနာများဖြေရှင်းနိုင်ပြီး မြို့ပြသာယာ လှပရေးကို အထောက်အကူပြုရေး၊ အခွန်ထမ်းဆောင်ခြင်းနှင့်ပတ်သက်၍ ထိုက်သင့်သည့် အခွန်အခများ ပေးဆောင်ရေး၊ အခွန်နှုန်းထားများ တိုးမြှင့်ခြင်း မရှိသဖြင့် ဒီမိုကရေစီနိုင်ငံတစ်ခုတွင် နိုင်ငံသားတိုင်း အခွန်ထမ်းလိုသည့်စိတ်များ ရှိရေး၊ အခွန်ငွေပြည့်ပြည့်ဝဝ ရရှိမှသာ နိုင်ငံတိုးတက်ရေးတို့ကို မှာကြားခဲ့သည်။

ယခုအခါ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ရှစ်ရာခိုင်နှုန်းအောက်သို့ ရောက်ရှိလာပြီ ဖြစ်ကြောင်း၊ သတ်မှတ်ထားသည့်ပမာဏသို့ ကျဆင်းလာမည်ဆိုပါက Stay at Home သတ်မှတ်ထားမှုများ ဖြေလျှော့ခြင်းနှင့် ဖြေလျှော့၍ရသည့် အခြားကန့်သတ်ချက်များကိုလည်း ဖြေလျှော့ပေးသွားမည် ဖြစ်ကြောင်း၊ ထိုသို့ကူးစက်မှုနှုန်း ကျဆင်းလာစေရေးအတွက် တစ်ဦးချင်းကိုယ်စီ အသိစိတ်ဓာတ် ရှိစွာဖြင့် ထိန်းသိမ်းနေထိုင်ကြရန်နှင့် မိမိနေထိုင်ရသည့် ပတ်ဝန်းကျင်တွင်လည်း နေထိုင်မှုစည်းကမ်း စနစ်တကျရှိစေရေး ဝိုင်းဝန်းလုပ်ဆောင်ကြရန်လိုကြောင်း ပြောကြားခဲ့သည်။

သို့ဖြစ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်သည် မြန်မာနိုင်ငံ၌ အဓိက ကျသော ရန်ကုန်မြို့တော်ကြီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် လိုအပ်ချက်မှန်သမျှကို ပြည့်ပြည့်စုံစုံ လမ်းညွှန်ထားပြီးဖြစ်ရာ မြို့ပြဖွံ့ဖြိုးတိုးတက်ပြီး ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာရေး အတွက် တာဝန်ရှိသူများ အားလုံး တက်တက်ကြွကြွ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။

ကြေးမုံ,အယ်ဒီတာ့အာဘော်