Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် အောက်တိုဘာ ၉

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့နံနက်ပိုင်းတွင် ဆေးသုတေသနဦးစီးဌာနသို့ ရောက်ရှိပြီး ညွှန်ကြားရေးမှူးချုပ်‌ ပါမောက္ခဒေါက်တာ ဇော်သန်းထွန်းနှင့် ဌာနဝန်ထမ်းများအား တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက COVID-19 RT-PCR နည်းပညာဖြင့် ရောဂါရှာဖွေခြင်း လုပ်ငန်းနှင့် မျိုးရိုး ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ပိုး ရှာဖွေနိုင်ရေးလုပ်ငန်း (Gene Sequencing) ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရန်လိုပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထုတ်လုပ်ခြင်း လုပ်ငန်းအတွက် အသည်းရောင်အသားဝါ ကာကွယ်ဆေးလုပ်ငန်း အတွေ့အကြုံရှိပြီးဖြစ်သည့် ဆေးသုတေသနဦးစီး ဌာနအနေဖြင့် စက်မှုဝန်ကြီးဌာနနှင့် လိုအပ်သလို ပူးပေါင်းဆောင်ရွက်ပေးရန်၊ နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်ဆဲ သုတေသနလုပ်ငန်းများ အောင်မြင်ပြီးမြောက်စေရန်၊ ဌာန မူလတာဝန်များကိုလည်း မလစ်ဟင်းစေရန် ဆေးသုတေသန ညီလာခံ၏ ရွှေရတုအခမ်းအနားကိုလည်း ဖြစ်မြောက်အောင် စီစဉ်ဆောင်ရွက်စေလိုပါကြောင်း မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဗဟိုသားဖွားသင်တန်းကျောင်း၌ ကျောင်းအုပ်ကြီး၊ ဆရာမများ၊ နောက်ဆုံးနှစ်သင်တန်းသူများနှင့် တွေ့ဆုံပြီးသင်တန်းအတွက် ပြင်ဆင်ထားရှိသည့် စာသင်ခန်းများ၊ လက်တွေ့လေ့ကျင့်ခန်းများကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်‌ထောင်စုဝန်ကြီးသည် ကလေးဆေးရုံကြီး-ရန်ကုန်မြို့သို့ သွားရောက်ကာ ဆေးရုံအုပ်ကြီး၊ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ၊ ဆေးရုံဝန်ထမ်းများ၊ ခုတင် (၅၅၀) ဆံ့ ကလေး ဆေးရုံကြီး-ရန်ကုန်မှ ဆေးရုံအုပ်ကြီး၊ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများကို စုစည်း တွေ့ဆုံသည်။ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဆေးရုံသုံးပစ္စည်းများ ပြင်ဆင်ထိန်းသိမ်းရန် ရန်ပုံငွေလိုအပ်ချက် ဖြည့်ဆည်းပေးလျက် ရှိပါကြောင်း၊ ဆေးဝါးလိုအပ်ချက် မရှိစေရန် စီစဉ် ဆောင်ရွက်စေလိုပါကြောင်း၊ အခြေခံပညာကျောင်းသား/သူများအား ကာကွယ်ဆေးထိုးနှံရာတွင် ဆေးတက္ကသိုလ်များမှ ဆရာ/ ဆရာမများ ပူးပေါင်းကူညီပေးစေလိုပါကြောင်း၊ အရေးပေါ် ကလေးလူနာများအား ကုသမှုလုပ်ငန်း မလစ်ဟင်းစေရန် ညှိနှိုင်းဆောင်ရွက်စေလိုပါကြောင်း၊ နိုင်ငံတော်အထောက်အပံ့ဖြင့် သူနာပြု/ သားဖွား သင်တန်းတက်ရောက် အောင်မြင်ထားသူများ လုပ်ငန်းခွင် အမြန်ဝင်ရောက်ရေး စည်းရုံး ဆောင်ရွက်ပေးရန် ဖြစ်ကြောင်း မှာကြားသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် သူနာပြုသင်တန်းကျောင်း ရန်ကုန်မြို့သို့ သွားရောက်ကာ စာသင်ခန်းများ၊ Skill Lab, Language Lab တို့ကို လှည့်လည်ကြည့်ရှုသည်။

ပြည်ထောင်စုဝန်ကြီးသည် အောက်တိုဘာ ၈ ရက် နံနက်ပိုင်းတွင်လည်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဝန်ထမ်းများနှင့်တွေ့ဆုံ အမှာစကားပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဗဟိုအမျိုးသမီးဆေးရုံကြီး-ရန်ကုန်မြို့၌ ဆေးရုံအုပ်ကြီး ဒေါက်တာခင်မောင်ကြီး၊ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ၊ သူနာပြုအုပ်၊ ဆေးရုံဝန်ထမ်းများနှင့် တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီးက ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ပုံမှန်အခြေအနေသို့ အမြန်ရောက်ရှိစေရန် ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ပေးနေသည့် ကျန်းမာရေး ဝန်ထမ်းများအား အသိအမှတ်ပြု ကျေးဇူးတင်ရှိပါကြောင်း၊ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်အင်အား ဖြည့်ဆည်း နိုင်ရေးအတွက် သစ်လွင်လက်ထောက်ဆရာဝန်များ ခေါ်ယူခြင်း၊ ကျန်းမာရေးကြီး ကြပ်-၂ ဝန်ထမ်း သစ်များ ခန့်ထားခြင်း၊ အကူသူနာပြုသင်တန်းများ ဖွင့်လှစ်ခြင်း၊ သူနာပြု/သားဖွား သင်တန်းကျောင်းများ ဖွင့်လှစ်ခြင်း၊ ဘွဲ့လွန် ဆေးပညာသင်တန်းများ ဖွင့်လှစ်ခြင်း စသည့် နည်းလမ်းများဖြင့် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ အမျိုးသမီးလူနာများ အကျိုးငှာ မီးယပ်ရောဂါများဖြစ်သည့် သားအိမ်ခေါင်းကင်ဆာ၊ သားအိမ်ကင်ဆာ၊ သားဥအိမ်ကင်ဆာ၊ သားဥပြွန်ကင်ဆာတို့ အတွက်လည်း လိုအပ်သည့် ခွဲစိတ်ကုသမှုများ အမြန် ပုံမှန်အတိုင်း ဆောင်ရွက်စေလိုပါကြောင်း၊ အတွေ့အကြုံရှိပြီး ဖြစ်သည့် သူနာပြုများကို ခွဲစိတ်ခန်းတာဝန် ပူးတွဲဆောင်ရွက် နိုင်ရန် စီစဉ်စေလိုပါကြောင်း၊ သားဖွား မီးယပ်ရောဂါကုသရေး လုပ်ငန်းအတွက် ရန်ကုန်မြို့ရှိ ဆေးရုံများရှိ အထူးကုဆရာဝန်/သူနာပြုများ အင်အားကို စုစည်းသုံးသပ်ကာ စနစ်တကျ ဆောင်ရွက်စေလိုပါကြောင်း ဆွေးနွေးမှာကြားသည်။

(သတင်းစဉ်)