နေပြည်တော် အောက်တိုဘာ ၉
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ရှမ်းပြည်နယ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပံ့ပိုးကူညီဆောင်ရွက်နိုင်ရေးအတွက် ရှမ်းပြည်နယ် အစိုးအရအဖွဲ့၊ ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အောက်တိုဘာ ၆ ရက်တွင် ရှမ်းပြည်နယ်အစိုးအရအဖွဲ့ရုံး၌ တွေ့ဆုံ၍ ဒေသလိုအပ်ချက်နှင့်ကိုက်ညီသော လူ့စွမ်းအား အရင်းအမြစ်များ ပြုစုပျိုးထောင်ပေးနိုင်ရေးနှင့် လိုအပ်သော နည်းပညာများ ထောက်ပံ့ပေးနိုင်ရေး တို့ကို ဆွေးနွေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ် နှင့်အတူ ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး)၊ အစိုးရနည်းပညာအထက်တန်းကျောင်း(ပင်းပက်) နှင့် နည်းပညာတက္ကသိုလ်(တောင်ကြီး)သို့ သွားရောက်ပြီး ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီး၊ တာဝန်ခံ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အရည်အချင်းပြည့်ဝသော လုပ်ငန်းခွင်အဆင်သင့် လူ့စွမ်းအား အရင်းအမြစ်နှင့် ကျွမ်းကျင်လုပ်သားများ ပြုစုပျိုးထောင်ပေးရေးအတွက် ရလဒ်အခြေပြု သင်ကြားသင်ယူမှုများ (Outcome Based Education) စနစ်သည် အဓိကကျသည့် အခန်း ကဏ္ဍမှပါဝင်ပါကြောင်း၊ အမှန်တကယ် ကျွမ်းကျင်တတ်မြောက်ပြီး(Knowledge၊ Skill၊ Attitude) တို့နှင့် ပြည့်စုံသော လူသားအရင်းအမြစ်များ လေ့ကျင့်ပြုစုပျိုးထောင်ပေးရန် လိုအပ်ပါကြောင်း၊ ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ကုန်ထုတ်လုပ်ငန်းများ၏ လိုအပ်ချက်နှင့်အညီ လူ့စွမ်းအားအရင်း အမြစ်များ ပြုစုပျိုးထောင်ပေးနိုင်ရေးနှင့် ထုတ်ကုန်အရည်အသွေးမြှင့် နည်းပညာများ ဖြန့်ဖြူး ပေးနိုင်ရေးတို့ကို လိုအပ်ကြောင်း။
ကိုဗစ် ၁၉ အခြေအနေအရ (New Normal) အခြေအနေအတွက် အရည်အသွေးပြည့်ဝသော သင်ကြားသင်ယူမှုများဖြစ်စေရေးအတွက် ICT နည်းပညာကို အကျိုးရှိစွာအသုံးချပြီး Learning Management System များဖြင့် စဉ်ဆက်မပျက်သင်ယူခွင့်ရရှိရေးတို့ကို ဦးစားပေး ဆောင်ရွက်ရန် လိုအပ်ပါကြောင်းနှင့် Outcome Based Education ဖြစ်စေရေးဦးတည် ဆောင်ရွက်သွားရန် မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အစိုးရစက်မှုလက်မှုသိပ္ပံ (တောင်ကြီး)၏ တည်ဆောက်ရေးစီမံကိန်း ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များကို မှာကြားသည်။
အောက်တိုဘာ ၇ ရက်တွင် ပြည်ထောင်စုဝန်ကြီးသည် အစိုးရနည်းပညာအထက်တန်းကျောင်း(ပင်လုံ)၊ ကွန်ပျူတာတက္ကသိုလ်(ပင်လုံ)နှင့် နည်းပညာတက္ကသိုလ်(ပင်လုံ)တို့သို့ လည်းကောင်း၊ အောက်တိုဘာ ၈ ရက်တွင် အစိုးရနည်းပညာအထက်တန်းကျောင်း (တောင်ကြီး)၊ ညောင်ရွှေသက်မွေး ပညာသင်တန်းကျောင်းနှင့် နည်းပညာတက္ကသိုလ် (ရမည်းသင်း) သို့လည်းကောင်း သွားရောက်ခဲ့ပြီး သက်ဆိုင်ရာ ကျောင်းများမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီး၊ တာဝန်ခံ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံ၍ အရည်အသွေးပြည့်ဝသော သင်ကြားသင်ယူမှုများ အကောင်အထည်ဖော် ဆောင်နိုင်ရေး၊ သုတေသနဆောင်ရွက်နေမှုနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များအတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)