Skip to main content

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် အောက်တိုဘာ ၉

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ကချင်ပြည်နယ် အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်းနှင့်အတူ အောက်တိုဘာ ၈ ရက် နံနက်ပိုင်းတွင် ပူတာအိုမြို့ ထေရဝါဒဗုဒ္ဓဗဟို သာသနာပြုကျောင်းသို့ ရောက်ရှိပြီး ဆရာတော် ဘဒ္ဒန္တ ဝိစာရအား ဖူးမျှော်၍ သာသနာရေးဆိုင်ရာ ကိစ္စရပ်များ မေးမြန်းလျှောက်ထားပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပူတာအိုခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ ရောက်ရှိပြီး ရုံးအစည်းအဝေးခန်းမတွင် ခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးမှူးက ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာ‌ရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ပူတာအိုခရိုင်အတွင်း အကောင်အထည်ဖေါ် ဆောင်ရွက်ပြီးစီးခဲ့သည် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်သည့် အခြေအနေများနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ပြီး ရုံးဝန်းအတွင်းရှိ ဝန်ထမ်းအိမ်ရာများကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း (ပူတာအို)၌ စားရိပ်သာများတွင် ကျောင်းသား/ ကျောင်းသူများ နေ့လယ်စာ စားသောက်နေမှု၊ အိပ်ဆောင်များတွင် ကိုဗစ်- ၁၉ စည်းကမ်းချက်များနှင့်အညီ နေထိုင်မှု၊ သင်တန်းခန်းမ၊ စားနပ်ရိက္ခာ သိုလှောင်ထားရှိမှု၊ စာကြည့်တိုက်၊ ဝန်ထမ်းအိမ်ရာများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး သက်တမ်းကျော်လွန်သည့် အန္တရာယ်ရှိသော အဆောက်အဦဟောင်းများ ဖျက်သိမ်းရေး၊ နောင်ပညာသင်နှစ်များတွင် ကျောင်းသား ကျောင်းသူများ ပိုမိုလက်ခံနိုင်ရေး လျာထား ဆောင်ရွက်သွားရန်မှာ ကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း (ပူတာအို) သို့ရောက်ရှိ၍ သင်တန်းသူအိပ်ဆောင်၊ သင်တန်းခန်းမ၊ စားရိပ်သာများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး သင်တန်းဆင်းသင်တန်းသူများကို အသက်မွေး ဝမ်းကျောင်း ပြုလုပ်နိုင်ရန် အပ်ချုပ်စက်များကို အရစ်ကျစနစ်ဖြင့် ရောင်းချပေးနိုင်ရေး၊ သင်တန်းသူများကို အိမ်တွင်းမှုဘာသာရပ်များ ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်စေရေး၊ သင်တန်းဆင်းပြီး နောက်ပိုင်းတွင်လည်း အသက်မွေးဝမ်းကျောင်း ပြုလုပ်နိုင်သည်အထိ ကူညီဆောင်ရွက်ပေးရေး တို့ကို ရှင်းလင်းမှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပူတာအို ခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ ဝန်ထမ်းများ၊ သင်တန်းကျောင်းများမှ ကျောင်းအုပ်နှင့် သင်တန်းနည်းပြများ၊ ကျောင်းသား/ ကျောင်းသူများနှင့် တွေ့ဆုံ၍ အမှာစကားပြောကြားခဲ့ပြီး ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ၊ ကျောင်းသား ကျောင်းသူများအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)