Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများ ကြည့်ရှုစစ်ဆေး

ရန်ကုန် အောက်တိုဘာ ၉

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ယနေ့နံနက် ၈ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးဌေးအောင်နှင့်အတူ ကြည့်မြင်တိုင် မြို့နယ်အတွင်းရှိ စလင်းအားကစားကွင်းနှင့် စမ်းချောင်းမြို့နယ်အတွင်းရှိ ပဒုမ္မာအား ကစားကွင်းတို့ကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်အပေါ် လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဦးဝိစာရလမ်းရှိ အမျိုးသားရေကူးကန်သို့ ရောက်ရှိ၍ ရေကူးကန်အတွင်း ရေသန့်စင်မှု၊ ရေအသွင်း/အထုတ်စနစ်၊ အနည်စစ်ကန်များ၏ အခြေအနေ များကို ကြည့်ရှုစစ်ဆေးပြီး ရေကူးကန်ဝင်းအတွင်း လုံခြုံရေးစနစ် CCTV များ စနစ်တကျ တပ်ဆင်ရန် အများပြည်သူများ လာရောက်ရေကူးသည့်အခါ အသက်အန္တရာယ်မရှိ စေရေးအတွက် ဆောင်ရွက် ထားရှိရန်နှင့် ရေကူးကန်ပြုပြင်ထိန်းသိမ်းရေး ကိစ္စများ မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ပဒေသာ အားကစားကွင်းနှင့် ရန်ကုန်တိုင်းဒေသကြီး လက်ရွေးစင် လေ့ကျင့်ရေးစခန်းအဖြစ် အသုံးပြုမည့် လေးထပ်ဆောင်သို့ သွားရောက် ကြည့်ရှုစစ်ဆေးပြီး လေ့ကျင့်နေသော စားပွဲတင်တင်းနစ် အားကစားသမားများကို ရင်းရင်းနှီးနှီး နှုတ်ဆက်၍ လိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍ ကျိုက္ကဆံအားကစားဝင်းအတွင်း ပြည်ထောင်စုခန်းမ၌ အားကစားနှင့်ကာယ ပညာသိပ္ပံ (ရန်ကုန်) ၂၀၂၁-၂၀၂၂ ပညာသင်နှစ် သင်တန်းသား/ သင်တန်းသူများနှင့်တွေ့ဆုံ အမှာစကားပြောကြားပြီး သင်တန်းသား/ သင်တန်းသူများနှင့်အတူ ရင်းရင်းနှီနှီး နေ့လယ်စာစားသုံးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မင်္ဂလာတောင်ညွှန့်မြို့နယ် သိမ်ဖြူအားကစားရုံရှိ မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်၌ မြန်မာ့ရိုးရာလက်ဝှေ့ အားကစားနည်း တိုးတက်ရေးအတွက် ညှိနှိုင်း ဆောင်ရွက်သည်။ ထို့နောက် အောင်ဆန်း အားကစားပြိုင်ဝင်းရှိ မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်သို့ရောက်ရှိ၍ ပဏမ မြန်မာ့လက်ရွေးစင် အားကစားသမားများ လေ့ကျင်နေမှုကို ကြည့်ရှုအားပေးပြီ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)