နေပြည်တော် အောက်တိုဘာ ၉
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ ဆေးဝါးစက်ရုံ (အင်းစိန်) အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်းကိရိယာများ ထုတ်လုပ်သူများအသင်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဆေးဝါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်နိုင်ရန် တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအတွက် လိုအပ်သော အခြေခံဆေးဝါးများနှင့် အခြားလိုအပ်သော ဆေးဝါးနှင့်ဆေးပစ္စည်းများအား GMP Guide Line များနှင့်အညီ ထုတ်လုပ်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အတွက် အရေးပေါ်အခြေအနေတွင် လိုအပ်သော ဆေးဝါးများကို ထုတ်လုပ်ပေးနိုင်ရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ နိုင်ငံခြားမှ တင်သွင်းနေရသော ဆေးဝါး နှင့်ဆေးပစ္စည်းများကို ထုတ်လုပ်ပေးခြင်းဖြင့် ပြည်ပသို့ နိုင်ငံခြားငွေစီးဆင်းမှုအား လျှော့ချ နိုင်ကြောင်း၊ ပြည်သူများအတွက် လိုအပ်သော ဆေးဝါးများအား ပိုမိုထုတ်လုပ်နိုင်ရေး၊ ဆေးဝါး အမယ်သစ်များ ထုတ်လုပ်နိုင်ရေး ကြိုးစား ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
မြန်မာနိုင်ငံတွင် ဆေးနှင့်ဆေးပစ္စည်းများကို လိုအပ်ချက်၏ (၁၀)ရာခိုင်နှုန်းခန့်သာ ထုတ်လုပ်နိုင်၍ ကျန် လိုအပ်သည့် ဆေးဝါးများကို ပြည်ပမှတင်သွင်းနေရကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ကြုံရမည့် စိန်ခေါ်မှုများကို ပူးပေါင်း၍ ဖြေရှင်းအဖြေရှာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စက်မှုဝန်ကြီးဌာန အနေဖြင့် ပုဂ္ဂလိကကဏ္ဍ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်အောင် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဆေးဝါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်ချက် ရှိပါက ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ အသင်းဝင်အချင်းချင်း မှန်ကန်သော အကျိုးစီးပွား ဖြစ်ထွန်းစေမည့် လုပ်ဆောင်မှုများတွင် ညီညွတ်စွာ ပူးပေါင်း၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဆေးနှင့်ဆေးပစ္စည်း ကိရိယာများ ထုတ်လုပ်သူများအသင်း အနေဖြင့် တွေ့ကြုံနေရသည့် အခက်အခဲများရှိပါက ပွင့်ပွင့်လင်းလင်း တင်ပြပေးရန် ပြောကြားသည်။
ထို့နောက် ဆေးနှင့်ဆေးပစ္စည်းကိရိယာများ ထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌ ဦးဇော်မိုးခိုင်က လုပ်ငန်း ဆောင်ရွက်နေမှု၊ တွေ့ကြုံနေရသည့် အခက်ခဲများနှင့် ဈေးကွက် အခြေအနေ တို့ကို ရှင်းလင်း တင်ပြခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)