ကူးစက်မြန်ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်များ ကမ္ဘာအနှံ့နိုင်ငံအသီးသီး တို့တွင် အရှိန်အဟုန်ဖြင့် ဆက်လက်ပြန့်ပွား လျက်ရှိစဉ် မိမိတို့နိုင်ငံ ၌သိသိသာသာလျော့နည်းကျဆင်းလာခဲ့သည်မှာ ဝမ်းမြောက်ဖွယ်ရာ ပင်ဖြစ်သည်။ သို့ရာတွင် စိတ်ချရလောက်သည့် အခြေအနေသို့ မရောက်ရှိသေးဘဲ နေ့စဉ်ရောဂါပိုးကူးစက်မှု တွေ့ရှိရသည့် နှုန်းမှာ ၇ ရာခိုင်နှုန်းနှင့် ၈ ရာခိုင်နှုန်းတို့၏ဝန်းကျင်တွင် တရစ်ဝဲဝဲဖြစ်နေသည်။ ရောဂါပိုးကူးစက်မှု ၅ ရာခိုင်နှုန်းအောက်သို့ ဆက်လက်ကျဆင်းလျော့နည်းသွားရန် လူတိုင်းအသိကိုယ်စီဖြင့် ကြိုးပမ်းကြရ ဦးမည်ဖြစ်သည်။
ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ဦးတည်အုပ်စုများအလိုက် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ မကြာမီတွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းနေအရွယ်ကလေးတိုင်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရန် စီစဉ်လျက် ရှိသည်။ မြန်မာနိုင်ငံ၏ ပတ်ဝန်းကျင်နိုင်ငံများဖြစ်သော တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံတို့တွင် ကျောင်းနေ အရွယ်ကလေးများကို ကိုဗစ်၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။ မကြာသေးမီ ရက်ပိုင်းက ဆင်ဟွာသတင်းဌာနမှသတင်းတစ်ပုဒ်တွင် လည်း လာအိုနိုင်ငံတွင် အသက် ၁၂ နှစ်မှ ၁၇ နှစ်အတွင်း ကလေးများ ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်ရန် စာရင်းပြုစုနေကြောင်း၊ ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုကြောင့် ကျောင်းများကို ပိတ်ထားရစဉ်အွန်လိုင်းမှတစ်ဆင့် ပညာသင်ကြားမှုများအခက်အခဲ များနှင့် ကြုံတွေ့ခဲ့ရပြီးနောက် ကျောင်းသားအရေအတွက် အများအပြားကို ကာကွယ်ဆေးထိုးနှံပေးပြီး လုံခြုံစိတ်ချရ သည့် အခြေအနေတွင် ကျောင်းများပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်နေ ကြောင်းသိရှိရသည်။
ကိုဗစ်-၁၉ရောဂါကြောင့် ထိခိုက်နစ်နာကြရသည့် ကဏ္ဍများတွင် ပညာရေးကဏ္ဍလည်းပါဝင်သည်။ ကျောင်းများ ကို လပေါင်းများစွာ ပိတ်ထားရခြင်းကြောင့် ကျောင်းသူကျောင်းသား ကလေးငယ်များမှာ ပညာနှင့် ဝေးနေကြရ သည်။ အသက် ၁၂နှစ်နှင့်အထက် အခြေခံ ပညာအလယ်တန်းနှင့် အထက်တန်းအရွယ်ကျောင်းသူကျောင်းသား များကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းအားဖြင့် ပညာသင်ယူမှုအခွင့်အလမ်း ရရှိလာမည်ဖြစ် သည့်အပြင် ကာကွယ် ဆေးလွှမ်းခြုံမှုအားဖြင့်လည်း အလျင်အမြန် ရရှိလာမည်ဖြစ်သည်။ ထို့အပြင်မိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါကူးစက်ပြန့်ပွားမှု ကိုလည်း တားဆီးနိုင်မည်ဖြစ်ရာ ကောင်းကျိုးများစွာ ဖြစ်ထွန်း လာစေမည်ဖြစ်သည်။ မကြာမီ ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိ ရာ ကျောင်းများ ဥပဓိရုပ်ကောင်းမွန်ရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ရေရရှိရေး၊ လက်ဆေးကန်များ တပ်ဆင်ရေး၊ စာသင်ခန်းများအတွင်း ကိုဗစ်-၁၉ စည်းမျဉ်း စည်းကမ်းများနှင့်အညီ သင်ကြားနိုင်ရေးတို့အတွက် ပြင်ဆင်မှုများ ပြုလုပ်နေကြပြီဖြစ်သည်။
ကျောင်းသား ကျောင်းသူများ ကျောင်းပြန်လည်တက်နိုင်ရေး အတွက် အရေးကြီးဆုံးဖြစ်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကိုမကြာမီထိုးနှံပေးသည့်အခါ sinovac ကာကွယ်ဆေးကို အသုံးပြုသွား မည်ဟု သိရသည်။ Sinovac သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အရေးပေါ်အသုံးပြုခွင့်ပေးသည့်စာရင်း (Emergency use list) တွင် ပါဝင်သောဆေးဖြစ်ပြီး အသက်သုံးနှစ်အထက် ကလေးများ ဘေးကင်း လုံခြုံစွာ ထိုးနှံနိုင်ကြောင်း၊ ပထမအကြိမ် ဆေးထိုးပြီး နောက် လေးပတ်ခြားပြီး ဒုတိယအကြိမ် ထိုးနှံရမည်ဖြစ်ကြောင်းသိရသည်။ ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြား နိုင်ရေးကို ရည်ရွယ်၍ ဌာနဆိုင်ရာများနှင့် တပ်မတော်တို့ ပူးပေါင်းဆောင်ရွက်နေကြပြီဖြစ်ရာ မိမိတို့၏ ရင်သွေးများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး မိဘများက ပူးပေါင်း ဆောင်ရွက်ပေးနိုင်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။
(မြန်မာ့အလင်း အယ်ဒီတာ့အာဘော်)