နေပြည်တော် အောက်တိုဘာ ၇
ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် တစ်ရပ်ဖြစ်သည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် ဆက်စပ်ဌာနအဖွဲ့ အစည်းများပူးပေါင်း၍ အကောင်အထည် ဖော်ဆောင်ရွက် မည့် လမ်းပေါ်နေကလေးများ လျော့နည်းရေးနှင့် ကာကွယ်စောင့်ရှောက်ရေးစီမံချက်နှင့် စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် လူမှုဝန်ထမ်းဦးစီးမှူးများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က လမ်းပေါ်နေကလေး များနှင့် စပ်လျဉ်း၍ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်၏ အဖွဲ့ဝင်နိုင်ငံ ဖြစ်သည်နှင့်အညီ ကလေးသူငယ် အခွင့်အရေးများကို ဖော်ဆောင်ရာတွင် လမ်းပေါ်နေ ကလေးများကို မဖြစ်မနေပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ လူမှုဝန်ထမ်း ဦးစီးဌာနအနေဖြင့် ကြိုတင်ကာကွယ်ရေး၊ ကာကွယ်စောင့်ရှောက်ရေး၊ ပြန်လည်ထူထောင်ရေး နည်းလမ်းများဖြင့် စဉ်ဆက်မပြတ် ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိရာတွင် ပြည်သူလူထုမှ ဝိုင်းဝန်းပါဝင်လာနိုင်သည့် နည်းလမ်းများ ရှာဖွေဖော်ထုတ်၍ ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ယခု လမ်းပေါ်နေကလေးများ လျော့နည်းရေးနှင့် ကာကွယ်စောင့်ရှောက်ရေး စီမံချက်သည် ဆက်စပ်ဌာနအဖွဲ့အစည်းများ ပါဝင်၍ လမ်းပေါ်နေကလေးများ၏ လိုအပ်ချက်များကို စနစ်တကျ ဆန်းစစ်လေ့လာပြီး အကောင်အထည်ဖော်ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း ပြောကြားသည်။
စိန်ခေါ်မှုများဖြစ်
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က လမ်းပေါ်နေကလေးများ လျော့နည်းရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအပိုင်းကို ဆန်းစစ်လေ့လာ၍ လိုအပ်သည့် ပံ့ပိုးမှုများဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ မိသားစုများအတွက် မိသားစု စီမံကိန်းအား ကြိုတင်ပြင်ဆင်မှုများ မရှိဘဲ အရွယ်မတိုင်မီ စောစီးစွာအိမ်ထောင်ပြုခြင်း၊ စားဝတ်နေရေး အခက်အခဲများ၊ လူမှုစီးပွားရေး အခက်အခဲများသည် ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးအတွက် စိန်ခေါ်မှုများဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ကျန်းမာ၊ ကြံ့ခိုင်၍ ပညာပြည့်ဝသော ကလေးများ ပေါ်ထွက်လာစေရေးအတွက် ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ ရပ်ရွာအခြေပြု အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ရှိဆောင်ရွက်လျက်ရှိသော လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများသည် မိသားစုများ ကို ထောက်ပံ့ပေးခြင်းဖြစ်၍ အသိပညာပေးလုပ်ငန်းများကို တစ်ပါတည်းဆောင်ရွက် ရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးနှင့် တာဝန်ရှိသူများက လမ်းပေါ်နေကလေးများ လျော့နည်းရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အတွက် မကြာမီကျင်းပမည့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေးတွင် အစီအစဉ်တစ်ခု ထည့်သွင်း၍ ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ငွေကြေး ထောက်ပံ့ခြင်းလုပ်ငန်းများတွင် မိသားစုများအတွက် မှီခိုသည့်အနေဖြင့် မဟုတ်ဘဲ ကြိုတင် ကာကွယ်ရေးဖြစ်သည့် အသိပညာပေး လုပ်ငန်းများသည် အဓိကအရေးကြီးပါကြောင်း၊ ရှေ့လုပ်ငန်းစဉ်များချမှတ်၍ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ စီမံချက်နှင့်စပ်လျဉ်း၍ စီမံချက် နယ်မြေ၊ စီမံချက်ကာလများ သတ်မှတ်ထားရှိမှုနှင့် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို တင်ပြဆွေးနွေး ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက လမ်းပေါ်နေ ကလေးများနှင့် စပ်လျဉ်း၍ လက်ရှိ စောင့်ရှောက်ထားရှိသော ကလေးသူငယ်များကို မိသားစု ပြန်လည်ပေါင်းစည်းရေး လုပ်ငန်းများနှင့် လမ်းပေါ်နေကလေး များလျော့နည်းရေးအတွက် စနစ်တကျကူညီ၊ ပံ့ပိုး၊ ချိတ်ဆက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ လမ်းပေါ်နေကလေးများ မဖြစ်ပေါ်စေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ စေတနာ့ဝန်ထမ်းအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ လုပ်ငန်းကော်မတီများအလိုက် လုပ်ငန်းတာဝန်များ သတ်မှတ်၍ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကနဦး စီမံချက်နယ်မြေများဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ မင်္ဂလာတောင်ညွန့် မြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်။ အောင်မြေသာစံ မြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်နှင့် နေပြည်တော်ကောင်စီ ပျဉ်းမနားမြို့နယ်တို့ကို လျာထား ပါကြောင်း၊ ကနဦးစီမံချက်တွင် ပထမခြောက်လတာ ကာလအတွင်း ညှိနှိုင်းဆောင်ရွက်မှုများ၊ ဆန်းစစ်လေ့လာမှု များဆောင်ရွက်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ အချိန်ကာလကို သက်ဆိုင်ရာဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ရန် သတ်မှတ်ထားပါကြောင်း၊ လမ်းပေါ်နေ ကလေးများအတွက် ဖြစ်ရပ်စီမံခန့်ခွဲမှုနည်းလမ်းများဖြင့် စနစ်တကျ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ကနဦးစီမံချက်များ ဆောင်ရွက်မှုအပေါ် အခြေခံ၍ နှစ်အလိုက် မြို့နယ်များ တိုးချဲ့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
သတင်းစဉ်