Skip to main content

အာဆီယံခေါင်းဆောင်များ သဘောတူညီခဲ့ကြသည့် တူညီဆန္ဒ(၅)ရပ်၏ စတုတ္ထအချက် ဖြစ်သည့်`အာဆီယံမှ မြန်မာနိုင်ငံသို့ လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ပေးအပ်ရေး လုပ်ငန်းအကောင်အထည်ဖော်လျက်ရှိ

နေပြည်တော် အောက်တိုဘာ ၇

အာဆီယံ လူသားချင်းစာနာ ထောက်ထားမှုအကူအညီပေးအပ်ရေး ညှိနှိုင်းမှုဗဟိုဌာန (ASEAN Coordinating Centre for Humanitarian Assistance on Disaster Management-AHA Centre) က ပေးအပ်မည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီစီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့ (Task Force) ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဧရာဝတီခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ စီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့၏ဥက္ကဋ္ဌ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ဒုတိယဝန်ကြီးများနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေး၌ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က အာဆီယံခေါင်းဆောင်များ သဘောတူညီခဲ့ကြသည့် တူညီဆန္ဒ(၅)ရပ်၏ စတုတ္ထအချက်ဖြစ်သည့် အာဆီယံမှ မြန်မာနိုင်ငံသို့ လူသားချင်းစာနာ ထောက်ထားမှု အကူအညီများပေးအပ်ရေးလုပ်ငန်း အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ ပထမ အဆင့်အဖြစ် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ သန်း ခန့်တန်ဖိုးရှိ ကိုဗစ်-၁၉ ကပ်ရောဂါ တိုက်ဖျက်ရေးအတွက် ဆေးဘက်ဆိုင်ရာပစ္စည်းများ မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး သက်ဆိုင်ရာ ဆေးရုံကြီးများ၊ တိုင်းနှင့် ပြည်နယ်များသို့ ဖြန့်ဖြူးပေးလျက်ရှိပါကြောင်း၊ Liquid Oxygen နှင့် ဆေးရုံသုံးပစ္စည်းများကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံကြီးများသို့ လွှဲပြောင်းပေး အပ်ခဲ့ပြီး ဖြစ်ကြောင်း၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်များသို့ ဆက်လက် လှူဒါန်းရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း၊ ယင်းသို့ ပစ္စည်းများဖြန့်ဖြူးရာတွင် ကျန်းမာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ရန်ကုန်အခြေစိုက် အာဆီယံသံရုံးများမှ ကိုယ်စားလှယ်များ လိုက်ပါလျက် လှူဒါန်းလွှဲပြောင်းလျက်ရှိကြောင်း၊ ထပ်မံ၍ ပထမအသုတ်ပစ္စည်းများ ယခုနှစ်ကုန်ခန့်အထိ ဆက်လက်ရောက်ရှိ လာမည်ဖြစ်၍ ပစ္စည်းများ ရောက်ရှိချိန်မှ ဖြန့်ဖြူးပြီးသည်အထိ ကော်မတီအဖွဲ့ဝင်များအနေဖြင့် အချိတ်ဆက်မိမိဖြင့် မိမိတို့ တာဝန်ယူရသည့် အပိုင်းများတွင် ကျရာတာဝန်များအား ဝိုင်းဝန်းကူညီပေးစေလိုကြောင်းဖြင့် ဆွေးနွေး ပြောကြားသည်။

ဆက်လက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိသူများက မြန်မာနိုင်ငံသို့ အာဆီယံလူသားချင်း စာနာထောက်ထားမှုအကူအညီများကို(AHA Centre)မှတစ်ဆင့် ပေးအပ်နေသည့် အခြေအနေများနှင့် ပတ်သက်၍လည်းကောင်း၊ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူက ပစ္စည်းလက်ခံရရှိမှု၊ ခွဲဝေဖြန့်ဖြူးမှု အခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ လည်းကောင်း၊လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန တာဝန်ရှိသူက ဒုတိယအဆင့် လှူဒါန်းမည့်ကိစ္စနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အစီအစဉ်များကိုလည်းကောင်း ဆွေးနွေးခဲ့ကြပြီး အစည်းအဝေး တက်ရောက်လာကြသူများက ပထမ အကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက် များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ပြန်လည်သုံးသပ် ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

သတင်းစဉ်