Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးကိုကို ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ဘုရား၊ စေတီ၊ ပုထိုးများ ကြည့်ရှုဖူးမြော်

နေပြည်တော်   အောက်တိုဘာ   

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ဒုတိယဝန်ကြီး ဦးထွန်းအုံနှင့်အတူ  ယနေ့မွန်းလွဲ ပိုင်းတွင် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ Component III တွင်ရှိသော ယုန်လွှတ်ကျွန်းသို့ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးက ပုဂံအစ ယုန်လွှတ်ကျွန်းက ဖြစ်၍ ယုန်လွှတ်ကျွန်းသည် သမိုင်းကြောင်း တန်ဖိုးကြီးမား၍ မပျက်မယွင်းအောင် ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် တူးဖော်သုတေသနလုပ်ငန်းများ ကိုလည်း ဆက်လက်ဆောင်ရွက်ရန်လိုကြောင်း တာဝန်ရှိသူများကိုမှာကြား သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အနော်ရထာမင်းကောင်းမှု စွယ်တော်လေးဆူ အနက်တစ်ဆူအပါအဝင်ဖြစ်သည့် တုရင်တောင်စေတီအား  ဖူးမြော်ပြီး ဘဏ္ဍာထိန်းဂေါပက အဖွဲ့ထံ ငွေကျပ် သိန်း ၃၀ လှူဒါန်းသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည်  ပုဂံခေတ်က ရေအရင်းအမြစ် ဖြန့်ဝေပေးသည့် မြကန်နှင့် ပုဂံမြို့၏ရှုခင်းအလှကို တုရင်တောင်ပေါ်မှ နေ၍ ကြည့်ရှုလေ့လာသည်။

ကြည့်ရှုလေ့လာစဉ် ပြည်ထောင်စုဝန်ကြီးက တုရင်တောင်ခြေရှိ မြကန်သည် ပုဂံမြို့၏ အထက်ပေ ၂၅၀ ခန့်တွင်တည်ရှိပြီး တုရင်တောင်မှ ကျသောရေ၊ အနီးပတ်ဝန်းကျင်ချောင်းများမှ စီးဆင်းသောရေများကို သိုလှောင်ပြီး ရေစစ်ကန်များဖြစ်သည့် အလံပုဂံ၊ အလယ်ကန်၊ မင်းနန်သူလေးထောင့်ကန်၊ ညောင်လက်ဖက်ကန်၊ ရွှေထီးကန်တို့မှတစ်ဆင့် ကျုံးထဲသို့ ဝင်ရောက်ကြောင်း သုတေသနပြုလေ့လာ ဖော်ထုတ်ချက်များအရ သိရှိရသဖြင့် အဆိုပါမြကန်မှတစ်ဆင့် ရေသိုလှောင်မှုနှင့် ရေပေးဝေမှုစနစ်အဆင့်ဆင့် ဆောင်ရွက်ခဲ့မှုကို အမျိုးသားပြတိုက် (နေပြည်တော်) အမျိုးသားပြတိုက် (ရန်ကုန်)နှင့် ပုဂံရှေးဟောင်းသုတေသန ပြတိုက်တို့တွင် သဲမြေပုံကဲ့သို့ Model ပုံများဖြင့် ခင်းကျင်းပြသရန် လိုကြောင်း၊  မြကန်မှတစ်ဆင့် ပုဂံမြို့သို့ ရေပေးဝေသောစနစ် ဆောင်ရွက်ထားခြင်းသည် ပုဂံခေတ် ရေအသုံးချ စီမံခန့်ခွဲမှုစနစ်ကို တွေ့မြင်နိုင်ပါ ကြောင်း။

ယခုအခါ အကြောင်းအမျိုးမျိုးကြောင့် ရေပေးဝေသည့် ရေလမ်းကြောင်းများမှာ ပိတ်ဆို့နေပြီး ယခင်ရေစီးကြောင်းအတွင်း ကောင်းစွာ မစီးဆင်းနိုင်တော့ဘဲ ဘုရား၊ စေတီ၊ ပုထိုးများအနီးတွင် ရေကြီးခြင်း၊ ရေဝပ်ခြင်းစသည့် သဘာဝဘေးအန္တရာယ်များကို ခံစားနေရသည်မှာ ယခုနှစ် မိုးရာသီက မီးမောင်းထိုးပြသနေပါကြောင်း၊ ထို့ကြောင့် ပုဂံခေတ်က တည်ရှိခဲ့သော ရေလမ်းကြောင်းများ မြေမျက်နှာသွင်ပြင် ရှုခင်းများကို ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကြောင့် ထိခိုက်ပျက်စီးမှုမရှိစေရေး ဆက်စပ်ဝန်ကြီးဌာနများ၊ ဒေသခံများနှင့် လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ပုဂံယဉ်ကျေးမှုအမွေအနှစ် ဒေသသည် ကမ္ဘာ့အမွေအနှစ်ဒေသ ဖြစ်သည်နှင့်အညီ ဥပဒေ၊ စည်းမျည်း၊ စည်းကမ်းများနှင့်အညီ စနစ်တကျ စီမံခန့်ခွဲရန်လိုအပ်ကြောင်း မှာကြားခဲ့သည်။

(သတင်းစဉ်)