နေပြည်တော် အောက်တိုဘာ ၇
တိရစ္ဆာန်နှင့် ငါးမွေးတောင်သူများ အကျိုးစီးပွား ဖြစ်ထွန်းစေရေး၊ ပုဂ္ဂလိကကဏ္ဍ အားကောင်း လာစေရေး၊ ပို့ကုန်ကဏ္ဍမြှင့်တင်ရေးအတွက် သား၊ ငါးကဏ္ဍအပါအဝင် မွေးမြူရေးကဏ္ဍ တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေး Action Plan ရေးဆွဲရန် လုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦးနှင့် လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဝင် ညွှန်ကြားရေးမှူးချုပ်များ တက်ရောက် ဆွေးနွေးခဲ့ကြသည်။
“ပြည်တွင်းစားသုံးမှု ဖူလုံမှုရှိစေရန်အတွက် ကြက်၊ ဝက်များကို ခေတ်မီနည်း စနစ်များဖြင့် ပေါင်းစပ်မွေးမြူရန်နှင့် ပြည်ပသို့ အေးခဲအသားများ အဖြစ် တင်ပို့နိုင်ရေး ဆောင်ရွက်သွားရန်” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ ပြည်ပသို့ အသားနှင့် ငါးအေးခဲ တင်ပို့မှု လက်ရှိအခြေအနေနှင့် တိုးမြှင့်နိုင်မှု အလားအလာကို သုံးသပ်ပြီး ပုဂ္ဂလိက၊ အစိုးရပိုင်းက ဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ် Action Plan ရေးဆွဲရန်၊ လိုအပ်ချက်များ ပြင်ဆင်ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဌာနများနှင့် ပုဂ္ဂလိကကဏ္ဍများအကြား ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။
ယခုအခါ လုပ်ငန်းအစီအစဉ် Action Plan ရေးဆွဲရန် လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းခဲ့ပြီး ဖြစ်၍ Action Plan Outline အတည်ပြုရေးနှင့် ပုဂ္ဂလိက အစိုးရပိုင်း (၂)ခုလုံး လွှမ်းခြုံပါဝင်ပြီး၊ ပြည့်စုံကောင်းမွန်သော Action Plan များ သတ်မှတ်ကာလအတွင်း ရေးဆွဲပြီးစီးနိုင်နိုင်ရန် လုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ကျင်းပခြင်းဖြစ်ကြောင်း၊ ယင်း စီမံချက်ကာလအနေဖြင့် ၂၀၂၁ မှ ၂၀၂၅ အထိ (၅) နှစ်စာ မျှော်မှန်းရေးဆွဲ သွားမည်ဖြစ်ပြီး လုပ်ငန်းစဉ်တစ်ခုချင်းအတွက် နှစ်အလိုက် ဆောင်ရွက်ရန် လျာထားအစီအစဉ်များ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)