Skip to main content

နေပြည်တော်ပြည်ထောင်စုနယ်မြေ၌ တောင်သူဦးရေ ၆၂၀၀ ကျော်အတွက် မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေကျပ်သန်း ၃၆၀၀ ကျော် ထုတ်ချေး

နေပြည်တော် အောက်တိုဘာ ၆

နေပြည်တော် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ခရိုင်နှင့် မြို့နယ်ဘဏ်ခွဲ လေးဘဏ်မှ တောင်သူများ အား ၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေးခြင်းကို ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြား ချက်များနှင့်အညီ ဆက်လက်ထုတ်ချေးပေးလျက် ရှိကြောင်း သိရသည်။

ယခုဖြစ်ပွားနေသော ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်ရန် ထုတ်ပြန် ထားသော သွားလာမှုကန့်သတ်ချက်များ၊ ကုန်စည်ကူးသန်းရောင်းဝယ်မှု အခက်အခဲများနှင့် သယ်ယူပို့ဆောင်ရေးအခက်အခဲများကြောင့် နိုင်ငံတော် အစိုးရအနေဖြင့် တောင်သူဦးကြီးများ၏ အခက်အခဲများကို အထိုက်အလျောက် ပြေလည်စေရန်၂၀၂၀ ပြည့်နှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ ပြန်လည် ပေးဆပ်ရန်ကာလကို ဇူလိုင် ၃၁ ရက်အစား ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကုန်အထိ၊ ကိုဗစ်-၁၉ အထူးချေးငွေ ပြန်လည်ပေးဆပ်ရန်ကာလကို ၂၀၂၁ ခုနှစ် ၊ စက်တင်ဘာ ၁၅ ရက်အစား ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ကုန်အထိနှင့် ၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ထုတ်ချေးမှုနောက်ဆုံးရက်ကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်အစား ၂၀၂၁ ခုနှစ် အောက်တိုဘာလကုန် အထိ တိုးမြှင့်ပြင်ဆင် သတ်မှတ်ပေးထားသည်။

ထုတ်ချေးထားပြီးဖြစ်

လက်ရှိတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ခရိုင်နှင့် မြို့နယ် ဘဏ်ခွဲလေးဘဏ်မှ ၂၀၂၁ ခုနှစ် မိုးရာသီ စိုက်ပျိုး စရိတ်ချေးငွေများကို ကျေးရွာအုပ်စု ၁၂၇ အုပ်စု၊တောင်သူ၆၂၆၂ ဦး၊ စပါး ၂၂၁၉၃ ဧကနှင့် အခြားသီးနှံ ၂၈၉၄ ဧက စုစုပေါင်းစိုက်ဧက ၂၅၀၈၇ ဧကအတွက်ချေးငွေကျပ် ၃၆၁၈ ဒသမ ၃၅ သန်း ထုတ်ချေးထား ပြီးဖြစ်ကြောင်း နေပြည်တော်တိုင်း ဘဏ်ခွဲမန်နေဂျာ ထံမှ သိရသည်။

သတင်းစဉ်