နေပြည်တော် အောက်တိုဘာ ၆
မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (National Skills Standards Authority-NSSA) ၏ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိ အမှတ်ပြုလက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်၁၀ နာရီတွင် နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပသည်။
အလုပ်အကိုင်ရရှိရန်
အခမ်းအနားတွင် အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဗဟိုအဖွဲ့၊ ဥက္ကဋ္ဌ၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးမြင့်ကြိုင် က ကျွမ်းကျင်လုပ်သားများ၏ အခွင့် အလမ်းများ အချိန်နှင့်တပြေးညီ ရရှိခံစားနိုင်စေရန် ရည်မှန်း၍ Online မှတစ်ဆင့် အသိ အမှတ် ပြုလက်မှတ်များ ပေးအပ်ခြင်းဖြစ်ကြောင်း၊ အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်များ ပေးအပ်နိုင်ရေး ဆောင်ရွက်ခြင်းမှတစ်ဆင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေ ရန် စက်မှုဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နေပြည်တော်ကောင်စီတို့နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း။
ကိုဗစ်အလွန်ကာလများတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက် ဖြစ်ပေါ်လာနိုင် သော မတူညီသည့် အလုပ်အကိုင်အခွင့်အလမ်းများ လုပ်ငန်းကဏ္ဍများအတွက် လိုအပ်သည့် ကျွမ်းကျင်လုပ်သားများ ဖြည့်ဆည်းပေးနိုင်စေရန် ကျွမ်းကျင်မှုလေ့ကျင့် သင်ကြားရေးနှင့် စစ်ဆေး အကဲဖြတ်ရေးတို့ကို တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ သက်ဆိုင်သူ အားလုံးနှင့် ပူးပေါင်း လက်တွဲ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း။
NSSA အနေဖြင့် ၂၀၁၄ ခုနှစ်ကစ၍ ကျွမ်းကျင်လုပ်သား (၁၆,၀၃၆) ဦး ကို အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များ ပေးအပ် နိုင်ခဲ့ကြောင်း၊ ယနေ့ (၄၃၇) ဦး ထပ်မံပေးအပ်ပြီးပါက ကျွမ်းကျင်လုပ်သား (၁၆,၄၇၃) ဦးကို အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များ ပေးအပ်ပြီး ဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ လုပ်သား (၄၂၄) ဦးကို ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ စစ်ဆေးအကဲဖြတ်ရန် လျာထား သတ်မှတ်ထားပြီး ဖြစ်ကြောင်း။
ကမ္ဘာ့အလုပ်အကိုင်ပြောင်းလဲလာမှုအတွက် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အာဆီယံ ကြေညာစာတမ်းနှင့် လမ်းပြမြေပုံအကောင်အထည်ဖော်နိုင်ရေး လုပ်ငန်းရပ် များတွင် အလုပ်သမားဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပုဂ္ဂလိကအဖွဲ့အစည်း များ နှင့် ပူးပေါင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်များကို ကျွမ်းကျင်လုပ်သားများကိုယ်စား ကိုယ်စားလှယ် များထံ ပေးအပ်ကြပြီး အလုပ်ရှင်များကိုယ်စား Lat War Co.,Ltd မှ Managing Director က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
လက်မှတ်များထုတ်ယူနိုင်
အခမ်းအနားတွင် NSSA ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အတွင်း အလုပ်အကိုင် (၁၃) မျိုး၏ ကျွမ်းကျင်မှုအဆင့် (၁) ဖြေဆိုအောင်မြင်ခဲ့သော ကျွမ်းကျင် လုပ်သား (၄၃၇) ဦးတို့အတွက် ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များကို ကိုယ်စားလှယ်များထံ ပေးအပ်ပြီး သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်များရှိ NSSA နည်းပညာအထောက်အကူပြု ရုံးများမှတစ်ဆင့် သက်ဆိုင်ရာ Assessment Center များသို့ ပေးအပ်မည်ဖြစ်ကြောင်း၊ ကျွမ်းကျင် လုပ်သားများအနေဖြင့် အသိအမှတ်ပြုလက်မှတ်များကို မိမိတို့ဖြေဆိုခဲ့သော Assessment Center များသို့ သွားရောက်ထုတ်ယူနိုင်ကြောင်း သိရသည်။
အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ NSSA မှ တာဝန်ရှိ သူများ၊ အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးကော်မတီ၊ ကျွမ်းကျင်မှု စစ်ဆေး အကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးကော်မတီ၊ အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု လေ့ကျင့်ရေး ကော်မတီတို့မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ အသိအမှတ်ပြု လက် မှတ်ရ ကျွမ်းကျင် လုပ်သားများ၊ လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ တက်ရောက်ကြပြီး Virtual ဖြင့် လည်း ပါဝင်တက်ရောက် ကြသည်။
(သတင်းစဉ်)