နေပြည်တော် အောက်တိုဘာ ၅
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန် ရည်ရွယ်၍ တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်အတွင်းရှိ ကျောင်းတိုက် အသီးသီးမှ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့၊ အရှေ့တောင် တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/ တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် စေတနာရှင် အလှူရှင်များက စုပေါင်းလှူဒါန်းသည့် ဆွမ်းဆန်တော် ၄၄၅၃ အိတ်၊ ဆီ၊ ဆား၊ ပဲ၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများကို မော်လမြိုင်မြို့၊ သာသနာ့ဗိမ္မာန်တော်ကြီး၌ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် တာဝန်ရှိသူများ၊ စေတနာရှင်အလှူရှင်များက အသီးသီး ဆက်ကပ်လှူဒါန်းကြသည်။
အလားတူ အောက်တိုဘာ ၄ ရက်နှင့် ယနေ့တို့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်ရှိ သာသနာ့ဝေပုလ္လပရိယတ္တိ စာသင်တိုက်၊ ဓမ္မသုခတောရကျောင်းတိုက်၊ မိုင်းဖြတ်မြို့ရှိ ထေရဝါဒဗုဓ္ဒသာသနာပြု(ဗဟို)ကျောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဉက္ကံမြို့၊ အနော်ရထာရပ်ကွက်ရှိ ဇမ္ဗူအေးကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့ရှိ သုဇနကာရီပရိယတ္တိစာသင်တိုက်၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ရှိ မဟာဓမ္မိကာရာမ ရွှေကျင်တိုက်မကြီး၊ မိုးကုတ်မြို့ရှိ ညောင်သုံးပင်ပရိယတ္တိသာမဏေကျော် စာသင်တိုက်နှင့် အောင်မြေသာစံမြို့နယ်ရှိ စလင်းတိုက်ဟောင်း ဓမ္မဂုဏ်ရည်ကျောင်းတိုက် တို့မှ ဆရာတော်၊ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများနှင့် လှူဖွယ်ပစ္စည်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းကြသည်။
ထို့အပြင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်ရှိ သာသနာ့ဝေပုလ္လ ပရိယတ္တိစာသင်တိုက်နှင့် ဓမ္မသုခတောရကျောင်း တိုက်တို့မှ သံဃာတော်များအား တြိဂံဒေသတိုင်းစစ်ဌာနချုပ်ရှိ နယ်မြေခံဆေးအဖွဲ့က လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်း များ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်