Skip to main content

ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသဇုန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဂံဒေသ စိုက်ပျိုးရေးမဟာဗျူဟာရေးဆွဲရေး ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော် အောက်တိုဘာ ၅

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံယဉ်ကျေးမှုဒေသတွင် ဆက်လက်ဆောင်ရွက်ရန် ကမ္ဘာ့ အမွေအနှစ် ကော်မတီ (World Heritage Committee-WHC) ၏ အကြံပြုချက်အရ ပုဂံဒေသ လယ်ယာစိုက်ပျိုးမှု မဟာဗျူဟာတစ်ရပ်ရေးဆွဲခြင်းကို စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိပြီး၊ ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ ပူးပေါင်းပါဝင်သော ပုဂံဒေသ စိုက်ပျိုးရေးမဟာဗျူဟာ ရေးဆွဲရေး ကော်မတီ ကို ၂၀၂၁ စက်တင်ဘာတွင် စတင်ဖွဲ့စည်းခဲ့ရာ အဆိုပါကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အောက်တိုဘာ (၅) ရက်က အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးတွင် ပုဂံဒေသ စိုက်ပျိုးရေးမဟာဗျူဟာ ရေးဆွဲရေးကော်မတီ ဥက္ကဋ္ဌ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတို့မှ ကော်မတီဝင်များ စုံညီစွာ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

စိုက်ပျိုးမြေယာရှုခင်းထိန်းသိမ်းခြင်း၊ ရိုးရာအစဉ်အလာ ရာသီသီးနှံများ ပိုမိုစိုက်ပျိုးနိုင်စေရေး၊ ဆည်မြောင်းနှင့်ရေစီမံခန့်ခွဲမှု၊ ထွန်ယက်ခြင်းနှင့်မြေတူးဆွခြင်း၊ သစ်ပင်အကြီးများနှင့် အပင်ငယ်များ စိုက်ပျိုးခြင်းဆိုင်ရာတို့ ပါဝင်သည့် ဆောင်ရွက်ရန် အချက် (၅) ချက်ကို “ပုဂံဒေသ ဘက်စုံလွှမ်းခြုံသော စီမံခန့်ခွဲရေးမူဘောင်” နှင့်အညီ ပုဂံဒေသ စိုက်ပျိုးရေး မဟာဗျူဟာ ရေးဆွဲရေး လုပ်ငန်းစဉ်များတွင် ထည့်သွင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံယဉ်ကျေးမှုဒေသတွင် ရှေးဟောင်း စေတီအဆောက်အအုံများ နှင့်အမွေအနှစ်များ ထိခိုက်ပျက်စီးမှု မဖြစ်ပေါ်စေရေးအတွက် ဘုရားပတ်လည် ပေ (၃၀) အတွင်း ထွန်ယက်စိုက်ပျိုးခြင်း မပြုရန်၊ စိုက်ပျိုးရန် ခွင့်ပြုချက်ရရှိထားသော မြေတွင် ယာယီမှအပ အုတ်တံတိုင်း၊ ခြံစည်းရိုးများ ဆောက်လုပ်ခြင်း မပြုလုပ်ရန်၊ စိုက်ပျိုးရေရရှိရေး ဆောင်ရွက် ရာတွင် မြေပေါ်မှသာသွယ်တန်းရန်နှင့် မြေအောက်ရေ ထုတ်ယူအသုံးပြုခြင်းအား လက်တလော ရေအခက်အခဲကို ဖြေရှင်းရေးအတွက်သာ အသုံးပြုရန် စသည့်ကန့်သတ်ချက်များ ထုတ်ပြန် ထားကြောင်း သိရသည်။

(သတင်းစဉ်)