Skip to main content

အလုပ်အကိုင်ကျွမ်းကျင်မှု “စံ” သတ်မှတ်ခြင်းနှင့် အသိအမှတ်ပြုလက်မှတ် ထုတ်ပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် အောက်တိုဘာ ၅

အလုပ်အကိုင်ကျွမ်းကျင်မှု ‘စံ’ သတ်မှတ်ခြင်းနှင့် အသိအမှတ်ပြု လက်မှတ်ထုတ်ပေးခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျည်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန၌ ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ စက်မှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက နိုင်ငံတော်ဝန်ကြီးချုပ်က “စက်မှုဇုန်များ စံပြဖြစ်စေရေးအတွက် Skill Labour များအား အဆင့်လိုက် Certificate ထုတ်ပေးနိုင်ရေးဆောင်ရွက်ရန်၊ စက်ရုံအားလုံး မှတ်ပုံတင်နိုင်ရန်နှင့် SME လုပ်ငန်းများ စနစ်တကျရှိစေရေး စီမံဆောင်ရွက်ရန်” ဟု လမ်းညွှန်မှုပြုခဲ့ကြောင်း၊ နေပြည်တော်တွင်ရှိသည့် စက်မှုလုပ်ငန်းများ၌ လုပ်ကိုင်နေသည့် လုပ်သားများကို အလုပ်အကိုင်ကျွမ်းကျင်မှု ‘စံ’ သတ်မှတ်ခြင်းနှင့် အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးနိုင်ရန်  စက်ရုံရှိ အလုပ်သမားများ၏ ပညာအရည်အချင်း၊ ကျွမ်းကျင်မှုတို့ကို သိရှိရန်အတွက် လုပ်သားများ၏ စက်မှု သန်းခေါင်စာရင်း ကောက်ယူခြင်းကို ကနဦးလုပ်ငန်းစဉ်အဖြစ် ဆောင်ရွက်ခဲ့ကြောင်း။

နေပြည်တော်ကောင်စီနယ်မြေ၌ စက်မှုလုပ်ငန်း အကြီး၊ အလတ်၊ အငယ် စုစုပေါင်း (၆၆၈)ခုရှိပြီး စက်မှုလုပ်ငန်း (၄၁၂)ခုမှ လုပ်သား (၃၃၃၀) တို့ကို လုပ်ငန်းအုပ်စုအလိုက် အလုပ်သမားများ၏ ပညာအရည်အချင်း၊ ကျွမ်းကျင်မှုတို့ကို ကွင်းဆင်း၍ စနစ်တကျ စာရင်းကောက်ယူခဲ့ကြောင်း၊ အဆိုပါလုပ်သားများအနက် ကျွမ်းကျင်မှု ဆိုင်ရာအသိအမှတ်ပြု လက်မှတ်ရရှိပြီးသူ(၁၅) ဦး၊ အသိအမှတ်ပြု လက်မှတ်ထုတ်ပေးနိုင်သူ (၈၈၅)ဦးရှိပြီး ကျန်ရှိ လုပ်သား (၂၄၄၅) ဦးတို့ကို အသိအမှတ်ပြုလက်မှတ် ထုတ်ပေးနိုင်ရေး ဆက်လက်ညှိနှိုင်း ဆွေးနွေးရမည်ဖြစ်ပါကြောင်း၊  အထည်ချုပ်စက်ရုံများမှ အထည်ချုပ် လုပ်သား (၄၄၆) ဦးကိုလည်း NSSA အသိအမှတ်ပြု လက်မှတ်ပေးအပ်နိုင်ရန် Assessment Center အသိအမှတ်ပြုခြင်း၊ စစ်ဆေးအကဲဖြတ်ပေးခြင်း၊ ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်ပေးခြင်းတို့ကို ဦးစွာပထမ ကျွမ်းကျင်မှု “စံ” သတ်မှတ် ပြဋ္ဌာန်းရေးအဖွဲ့ (National Skills Standards Authority - NSSA) နှင့် ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း။

မြေပြင်စာရင်းကောက်ယူမှုအရ “စံ” သတ် မှတ်ထားခြင်း မရှိသေးသည့် အလုပ်အကိုင် (၃၂) မျိုး တွင် လုပ်ကိုင်နေသောလုပ်သား (၂၄၄၅) ဦးရှိသဖြင့် ကျွမ်းကျင်မှု "စံ" ရေးဆွဲရခြင်း မရှိသေး အလုပ်အကိုင်များကို ဖော်ထုတ်နိုင်ပြီး ကျွမ်းကျင်မှု"စံ"များရေးဆွဲခြင်း၊ စစ်ဆေး အကဲဖြတ်ခြင်း၊ အသိအမှတ်ပြု လက်မှတ်ထုတ်ပေးခြင်းတို့ကို ဆက်လက်ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အလုပ်သမားဝန်ကြီးဌာနအနေဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး၊ ကျွမ်းကျင် လုပ်သားများ မွေးထုတ်ပေးနိုင်ရေး၊ စက်မှုဇုန်များ စံပြဖြစ်စေရေးအတွက် Skill Labour များအား အဆင့် လိုက် အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးနိုင်ရေးကိစ္စရပ်များကို အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဥပဒေကို ပြဋ္ဌာန်းပြီးဖြစ်၍ အလုပ်အကိုင် ကျွမ်းကျင်မှုရှိစေရေးနှင့် အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးခြင်း ကိစ္စရပ်များကို အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က အလုပ်အကိုင်ကျွမ်းကျင်မှု “စံ” သတ်မှတ်နိုင်ရေးနှင့် အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးခြင်းကိစ္စရပ်များကို နိုင်ငံတော်၏ မူဝါဒများနှင့်အညီ လိုက်ပါဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် ကျွမ်းကျင် လုပ်သားများ အတွက် အသိအမှတ်ပြု လက်မှတ်များကိုလည်း စစ်ဆေးအတည်ပြု ထုတ်ပေးလျက်ရှိပါကြောင်း၊ စက်မှုဇုန်ရှိလုပ်သားများအတွက် ကျွမ်းကျင်မှု "စံ" သတ်မှတ်ခြင်းနှင့် အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးရေးဆိုင်ရာ ကိစ္စရပ်များနှင့် စံသတ်မှတ်မှု မရှိသေးသော လုပ်ငန်းများအတွက် စံသတ်မှတ်နိုင်ရေး ကိစ္စရပ်များကို အပြည့်အဝပါဝင် ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် Assessment Center ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ယင်းနောက် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ  ညွှန်ကြားရေးမှူးချုပ်များက ဝန်ကြီးဌာနအလိုက် အလုပ်အကိုင်ကျွမ်းကျင်မှုဆိုင်ရာ "စံ" သတ် မှတ်ခြင်းနှင့် အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးလျက်ရှိသည့် အခြေအနေများနှင့် "စံ" သတ်မှတ်မှု မရှိသေးသော လုပ်ငန်းများအတွက် "စံ"သတ်မှတ်နိုင်ရေးကိစ္စရပ်များကို ရှင်းလင်းတင်ပြရာ တက်ရောက်လာကြ သည့် ဝန်ကြီးဌာနကိုယ်စားလှယ်များက အမြင်ချင်းဖလှယ် ဆွေးနွေးညှိနှိုင်းကြပြီး ပြည်ထောင်စုဝန်ကြီးများက နိဂုံးချုပ် အမှာစကားများ  ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

(သတင်းစဉ်)