Skip to main content

ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး အသက် (၁၂) နှစ်မှစတင်၍ (၁၈) နှစ်အထိ သီးသန့်စီမံချက်ဖြင့် ကာကွယ်ဆေးထိုးနိုင်ရေး ဆောင်ရွက်ထား တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ထိ တာဝန်ရှိသူများက ပူးပေါင်းပါဝင်ဆောင်ရွက်

နေပြည်တော် အောက်တိုဘာ

ပညာရေးဝန်ကြီးဌာနအောက်ရှိ အခြေခံပညာ အလယ်တန်း၊ အထက်တန်း ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေးအစီအစဉ်တွင် လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၌ ကျင်းပသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာ  အကြီးအကဲများ တက်ရောက်ခဲ့ကြပြီး နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးဌာနသုံးခုမှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများက Virtual  စနစ်ဖြင့် တက်ရောက်ကြသည်။

ပြည်ထောင်စုဝန်ကြီးက ယခုအချိန်တွင် ကိုဗစ်( ၁၉ ရောဂါ ကူးစက်နှုန်းမှာ ၁၀ ရာခိုင်နှုန်းအောက် လျော့နည်းသွားပြီဖြစ်ပါကြောင်း၊ စေတနာ့ဝန်ထမ်းများနှင့် မိမိတို့ဝန်ထမ်းများက ကျရာအခန်းကဏ္ဍမှ ပြည်သူလူထုနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်၍သာ ယခုကဲ့သို့ ကူးစက်နှုန်းကျဆင်းခြင်း ဖြစ်ပါကြောင်း၊ စတုတ္ထလှိုင်း မဖြစ်ပေါ်စေရန်အတွက် ကာကွယ်ဆေး ထိုးခြင်းမှာ အရေးကြီးသည့်အတွက် နိုင်ငံတော်က အကုန်အကျခံ၍ ကာကွယ်ဆေးများ ဝယ်ယူကာ ထိုးနှံပေးလျက်ရှိပါကြောင်း။

သီးသန့်စီမံချက်

ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအနေဖြင့် ဦးတည်အုပ်စုများအလိုက် ကာကွယ်ဆေးထိုးနှံနိုင်ရန် ဆောင်ရွက်လျက်ရှိရာ တွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး အသက်(၁၂) နှစ်မှစတင်၍ (၁၈) နှစ်အထိ သီးသန့်စီမံချက်ဖြင့် ကာကွယ်ဆေးထိုးနိုင်ရေး ဆောင်ရွက်ထားပါကြောင်း၊ သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊ တိုင်း ဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ထိတာဝန် ရှိသူများက ပူးပေါင်းပါဝင်၍ စီမံချက်အတိုင်း ဆောင်ရွက်ကြရန်နှင့် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့်အတူ ပူးပေါင်းဆောင် ရွက်ကြရန်နှင့် လုပ်ငန်းစီမံချက်များကို မိမိတို့၏ ခရိုင်၊ မြို့နယ်များအား ထပ်ဆင့်ရှင်းလင်းပြီး ပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ချိတ်ဆက်ပူးပေါင်း

ထို့နောက် ဒုတိယဝန်ကြီးက စေတနာ့ဝန်ထမ်း များမှာ အခကြေးငွေ မယူဘဲ မြင့်မြတ်စွာလုပ်ဆောင်နေခြင်းဖြစ်၍ ၎င်းတို့၏ မွန်မြတ်သော လုပ်ရပ်အတွက် မိမိတို့ဝန်ထမ်းများက အလေးထား လုပ်ဆောင်ရန် လိုအပ်ပါကြောင်း၊ စေတနာ့ဝန်ထမ်းနှင့် ပြည်သူများကြားတွင် ချိတ်ဆက်ပူးပေါင်းဆောင်ရွက် ပေးစေလိုပါကြောင်း ပြောကြားသည်။

တင်ပြဆွေးနွေး

ယင်းနောက် အမြဲတမ်းအတွင်းဝန်၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တက်ရောက် လာကြသူများက ပညာရေးဝန်ကြီးဌာနအောက်ရှိ  အလယ်တန်း၊ အထက်တန်းကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး  အစီအစဉ်တွင် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် ပတ်သက်သည့် မိမိတို့လုပ်ဆောင်နေသော နယ်ပယ်ကဏ္ဍအသီးသီးတွင် တာဝန်ခွဲဝေ လုပ်ဆောင်နေမှုများ၊ ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိမှုအခြေအနေများကို တင်ပြဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ်  လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်