နေပြည်တော် အောက်တိုဘာ ၄
နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် အခြားဆက်စပ်ဌာနများနှင့် လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။
ယနေ့တွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာဆိပ်ကမ်း၊ ချင်းရွှေဟော်၊ မြဝတီနှင့် တာချီလိတ် ကုန်သွယ်ရေး စခန်း (၃)ခုတို့မှ တင်သွင်းရာ၌ ကုမ္ပဏီ (၄) ခုမှ ယာဉ်စီးရေ (၉) စီးဖြင့် အောက်ဆီဂျင် (အရည်) Bowser ယာဉ် (၁) စီး၊ (၁၉ ဒသမ ၇၈)တန်၊ Oxygen (အရည်) အိုးဖြင့် (၀ ဒသမ ၃၄) တန်၊ Oxygen အိုးခွံ (၄၇၁)ခု၊ Oxygen Plant (၂)ခု၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) (၂၈၅)ခု နှင့် နှာခေါင်းစည်း (Mask) (၄၉) တန်တင်သွင်းခဲ့သည်။ အောက်ဆီဂျင် (အရည်) Bowser ယာဉ် (၁) စီးမှာ ရန်ကုန်မြို့သို့ဖြစ်ပြီး၊ Oxygen Plant (၂) ခုမှာ ရန်ကုန်မြို့နှင့် ဟုမ္မလင်းမြို့သို့ဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို ပြည်ပမှတင်သွင်းရာတွင် နှောင့်နှေးကြန့်ကြာမှု မရှိစေရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက်ရှိပါကြောင်းနှင့် ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့်သက်ဆိုင်သည့် အသိပေးကြေညာချက်များကိုလည်း အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားပါကြောင်း သိရှိရသည်။
(သတင်းစဉ်)