နေပြည်တော် အောက်တိုဘာ ၄
ပြည်ထောင်စုရာထူးဝန်အဖွဲ့က ကြော်ငြာစာအမှတ်၊ (၃/၂၀၂၀)ဖြင့် ဝန်ကြီးဌာနနှင့် အဖွဲ့ အစည်း(၁၀)ခုမှ ပြန်တမ်းဝင်အရာရှိအဆင့်စတင်ခန့် လစ်လပ်ရာထူး (၁၉၅)နေရာအတွက် ရေးဖြေ စာမေးပွဲကို ဇွန်၂၆ နှင့် ၂၇ ရက်တို့တွင် စာစစ်ဌာန(၅)ခု၌ ကျင်းပခဲ့ရာ ဖြေဆိုသူ (၈၁၄)ဦးမှ ရေးဖြေ အောင်မြင်သူ (၂၅၀)တို့အား စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးခြင်းများကို နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များတွင် (၃)နေရာခွဲ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
ရှေးဦးစွာ နေပြည်တော်တွင် ရေးဖြေအောင်မြင်သူ (၁၀၅)ဦးတို့အား စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၄ ရက်အထိ စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဆွေနှင့် တာဝန်ရှိသူများက အောက်တိုဘာ ၃ ရက်နှင့် ၄ ရက်တို့တွင် စိတ်အခြေအနေစစ်ဆေးခြင်းနှင့် လူတွေ့စစ်ဆေးခြင်း အခြေအနေများကို လိုက်လံကြည့်ရှု စစ်ဆေးသည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် ယာယီရပ်နားထား ခဲ့ရသော ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်ရာထူးနေရာများအတွက် ရွေးချယ်ရေးလုပ်ငန်းစဉ်များကို ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ထိခိုက်မှုမရှိစေရေး အလေးထားပြီး ကိုဗစ်စည်းကမ်းများနှင့်အညီ ပြန်လည်၍ဆောင်ရွက်ပေးလျက်ရှိသည်။
အလားတူ ရေးဖြေအောင်မြင်သူ (၆၃)ဦးတို့ကို မန္တလေးမြို့တွင် အောက်တိုဘာ(၅)ရက်မှ (၈)ရက်အထိ လည်းကောင်း၊ (၈၂)ဦးကို ရန်ကုန်မြို့တွင် အောက်တိုဘာ (၁၀)ရက်မှ (၁၄)ရက်အထိ လည်းကောင်း၊ စိတ်အခြေအနေနှင့်လူတွေ့ စစ်ဆေးခြင်းများကို ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင်များက လူတွေ့စစ်ဆေးရေး ဘုတ်အဖွဲ့အလိုက် နေရာခွဲ၍ ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)