လေးနှစ်ခွဲခန့်ကြာအောင် ရပ်ဆိုင်းထားခဲ့ရသည့် အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်) စီမံကိန်း လုပ်ငန်းများကို ပြန်လည်စတင်ဆောင်ရွက် နေပြီဖြစ်သည်။ အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်) သည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော သံနှင့်သံမဏိစက်ရုံ စီမံကိန်းကြီးဖြစ်ပြီး နိုင်ငံ၏ အကျိုးစီးပွားအတွက် မဖြစ်မနေ အကောင်အထည်ဖော်ရန်လိုအပ်သည့် စီမံကိန်းလည်းဖြစ်သည်။ ၂၀၀၆ခုနှစ်စက်တင်ဘာလ ၅ ရက်တွင် စတင်တည်ဆောက်ခဲ့သည့် ယင်းစီမံကိန်းကြီးမှာ ပြီးစီးမှု ရာခိုင်နှုန်း ၉၈ ဒသမ၈၆ ရာခိုင်နှုန်း အထိအကောင်အထည်ဖော်ပြီးခါမှရပ်ဆိုင်းသွားခဲ့ရခြင်း ဖြစ် သည်။
မြန်မာစီးပွားရေးကော်ပိုရေးရှင်းနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Tyazhpromexport (TPE)ပူးပေါင်း အကောင်အထည်ဖော်ခဲ့သည့် အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်) စီမံကိန်းပြီးစီးလည်ပတ် ချိန်တွင် တစ်နှစ်လျှင် သံစိမ်းတန်ချိန်နှစ်သိန်းနှင့် သံသတ္တုရိုင်းတန်ချိန် လေးသိန်းခွဲ ထုတ်လုပ်နိုင်မည် ဖြစ်ရာ နိုင်ငံဖွံ့ဖြိုးတိုး တက်ရေးအတွက် တည်ဆောက်ရေးလုပ်ငန်းများတွင် မဖြစ်မနေသုံးစွဲ နေရသော သံနှင့်သံမဏိထုတ်ကုန်များကို ပြည်ပမှတင်သွင်း ရန်မလိုဘဲ ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်သည်။ တစ်ဖက်တွင်လည်း ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေး နိုင်မည်ဖြစ်သလို သံနှင့်သံမဏိဈေးကွက်မှာလည်း အခိုင်အမာ ရှိနေသည့်အတွက် စီမံကိန်း ပြီးစီးရန် အနည်းငယ်မျှသာ ကျန်ရှိနေချိန်တွင် ရပ်ဆိုင်းထားလိုက်ခြင်းက နိုင်ငံအတွက် များစွာ ထိခိုက် ဆုံးရှုံးစေခဲ့သည်။ သံမဏိစက်ရုံ လည်ပတ်ချိန်တွင် စက်ရုံထွက် စွန့်ပစ်အပူကို အသုံးပြုပြီး ဓာတ်အားမဂ္ဂါဝပ် ၄၀ ထုတ်လုပ်နိုင် မည်ဖြစ်သည့်အတွက် စက်ရုံက ၂၅ မဂ္ဂါဝပ်ကို သုံးစွဲပြီး ကျန် ၁၅ မဂ္ဂါဝပ်ကို အမျိုးသားဓာတ်အားပေးစနစ် (National Grid)သို့ ရောင်းချနိုင်ရန် စီစဉ် ထားခဲ့သည်ဟုလည်း သိရသည်။
မြန်မာနိုင်ငံတွင် အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) နှင့် အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်)ဟူ၍ သံမဏိစက်ရုံ စီမံကိန်းနှစ်ခုရှိရာ ပင်းပက်သံ မဏိစက်ရုံမှထွက်သည့် သံစိမ်းများကို မြင်းခြံသံ မဏိစက်ရုံသို့ပို့ကာ သံမဏိများ ထုတ်လုပ်သွားနိုင်ရန် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ရာ ပင်းပက် သံမဏိစက်ရုံ စီမံကိန်းရပ်ဆိုင်းသွားခဲ့ခြင်းက မြင်းခြံသံမဏိစက်ရုံပါ ရပ်ဆိုင်း သွားစေခဲ့ သည်။ ၂၀၁၅ခုနှစ်တွင်တက်လာသည့် အစိုးရလက်ထက် ၂၀၁၇ ခုနှစ် မတ်လ ၆ ရက်နေ့နှင့် ၁၅ ရက်နေ့တို့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ရှေ့နောက် မဆင်မခြင် ဆုံးဖြတ်မှုများကြောင့် စီမံကိန်းတည်ဆောက်မှု ရပ်ဆိုင်းသွားခဲ့ရခြင်းဖြစ်သည်။ စီမံကိန်း ရပ်ဆိုင်း သွားခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော်အတွင်း ဆွေးနွေးဝေဖန်မှုများရှိခဲ့သလို အမှားကိုသိခဲ့သည့် ထိုစဉ်က အစိုးရအနေဖြင့်လည်း စက်ရုံစီမံကိန်း ပြန်လည်စတင်နိုင်ရေး၊ နည်းပညာများ အကူ အညီရရှိရေး၊ ကျွမ်းကျင်ပညာရှင်များ မွေးထုတ်နိုင်ရေးတို့အတွက် ၂၀၁၉ နှစ် ကုန်ပိုင်းတွင် ရုရှားနှင့် ဆွေးနွေးမှုပြန်လည်ပြုလုပ်ခဲ့သည်။
ပင်းပက် သံသတ္တုမိုင်းသည် သံရိုင်း ၅၆ ဒသမ ၄ ရာခိုင်နှုန်း ပါသည့် Hematite သံရိုင်းတန်ချိန် ၁၀ ဒသမ ၇သန်းနှင့် သံရိုင်း ၄၂ ဒသမ ၆ ရာခိုင်နှုန်းပါသည့် Lemonite သံရိုင်းတန်ချိန် ၅၉ ဒသမ ၃ သန်း ထုတ်လုပ်နိုင်သော သံသတ္တုမိုင်းဖြစ်ရာ သံမဏိ စက်ရုံများတည်ဆောက်ပြီး နိုင်ငံအတွက် အကျိုးရှိစွာသုံးစွဲနိုင် ခြင်းအားဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် ကြီးစွာသော အထောက်အကူဖြစ် စေမည်ဖြစ်သည်။ တစ်ဖက်တွင်လည်း စက်ရုံများ တည်ဆောက်လည်ပတ်ခြင်းကြောင့် သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်တို့အပေါ် ထိခိုက်နိုင်ခြေများ လျော့ပါးစေရေး အစီ အမံများကို ဆန်းစစ်အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်း၊ ဒေသခံပြည်သူများအတွက် အကျိုးပြု အစီအစဉ်များ ဆောင်ရွက် ပေးခြင်းတို့လည်း လိုအပ် မည်ဖြစ်သည်။ ။
မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော သံမဏိစက်ရုံစီမံကိန်းကြီး အပြည့်အ၀ အကောင်အထည်ဖော် တည်ဆောက်ပြီးချိန်တွင် ပြည်တွင်းမှ တူးဖော် ထုတ်လုပ်သည့် သံရိုင်းများကို အသုံးပြုကာ ပြည်တွင်းသံမဏိစက်ရုံကြီးတွင် ကျိုချက်ထုတ်လုပ်သည့် သံ၊ သံမဏိထုတ်ကုန်များဖြင့် နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်း များတွင် အသုံးပြု၍ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်မြှင့်တင်နိုင် မည်ဟု ယုံကြည်ပါကြောင်း။ ။
မြန်မာ့အလင်းအယ်ဒီတာ့အာဘော်