Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကလောမြို့နှင့် အောင်ပန်းမြို့တို့ရှိ ဒေသခံမြို့မိမြို့ဖများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော် အောက်တိုဘာ ၃

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကလောမြို့နှင့် အောင်ပန်း မြို့တို့ရှိ ဒေသခံမြို့မိမြို့ဖများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ယနေ့မွန်းလွဲပိုင်းတွင် ကလောမြို့ရှိ စစ်ဦးစီးတက္ကသိုလ် ဧည့်ခန်း မဆောင်၌ တွေ့ဆုံဆွေးနွေးသည်။

 

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိ ကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာန ချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ကလောမြို့နှင့် အောင်ပန်းမြို့တို့ရှိ ဒေသခံမြို့မိမြို့ဖ များနှင့် လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကလောမြို့နှင့် အောင်ပန်းမြို့တို့ရှိ ဒေသခံမြို့မိမြို့ဖများ၊ စီးပွားရေးလုပ်ငန်းရှင်များအား ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် မိတ်ဆက်ပေးပြီး ဒေသခံမြို့မိမြို့ဖများက တစ်ဦးချင်း ပြန်လည် မိတ်ဆက်ကြသည်။

 

ယင်းနောက် ရပ်မိရပ်ဖများနှင့် စီးပွားရေးလုပ်ငန်းရှင်များက အောင်ပန်းမြို့ နှင့်ကလောမြို့ အကြားတွင် ယာဉ်ရပ်နားစခန်းတစ်ခု တည်ဆောက်ပေးရန်လိုအပ်မှု၊ ကလောမြို့အတွက် သောက်သုံးရေလုံလောက်စွာရရှိရေး ရေအရင်းအမြစ်များ ရှာဖွေ ဆောင်ရွက် ပေးရန် လိုအပ်မှု၊ ဒေသအတွင်း ကျေးရွာချင်းဆက်လမ်းများ၊ မြို့တွင်း လမ်းများပြင်ဆင်ပေးရန်နှင့် ဖောက်လုပ် ဆဲဖြစ်သည့် အောင်ပန်း-အင်းတိန်ဘုရား သွားကားလမ်းအား ဆက်လက်ဆောင်ရွက်ပေးမည် ဆိုပါက ခရီးသွားလုပ်ငန်းနှင့် လူနေမှုစနစ် တိုးတက်ရေးအတွက် အထောက်အကူဖြစ်စေနိုင်မှု၊ အောင်ပန်းမြို့တွင် လူဦးရေ ထူထပ်များပြားလာပြီး ပွဲရုံလုပ်ငန်းများနှင့် အခြား စီးပွားရေး လုပ်ငန်းများ များပြားလာသည့်အတွက် မြို့ကွက်များစနစ်တကျဖြစ်အောင် စီမံဆောင်ရွက်ပေး ရန်လိုအပ်မှု၊ နန်းတိုင်း ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ပိုမိုဆောင်ရွက်ပေးရန်အတွက် အဆင့်မြင့် ကျန်းမာရေး ဝန်ထမ်းများ ဖြည့်ဆည်း ပေးရန်လိုအပ်မှု၊ စိုက်ပျိုရေးလုပ်ငန်းများအတွက် လိုအပ် သည့် ဓာတ်မြေဩဇာများအား ဖြည့်ဆည်းဆောင်ရွက်ပေးရန်လိုအပ်မှု၊ ကလော မြို့မှထွက်ရှိသည့် စိုက်ပျိုးရေးသီးနှံများ အထွက်နှုန်းတိုးစေရန်နှင့် အရည်အသွေး ပြည့်မီစွာ စိုက်ပျိုးနိုင်ရေး စိုက်ပျိုးရေးနည်းပညာနှင့် သက်ဆိုင်သည့် သင်တန်းများ ဖွင့်လှစ် သင်ကြားပေးစေလိုမှု၊ တိုင်းရင်း သားများ စာပေ သင်ကြားရေးနှင့် ပတ်သက်၍ ဆရာ၊ ဆရာမများအား သင်တန်းများဖွင့်လှစ်ပေးရန်လိုအပ်မှု၊ အချို့ကျေးရွာ များတွင် လမ်းပန်းဆက်သွယ်မှုနှင့် လျှပ်စစ်မီးရရှိရန် လိုအပ်နေမှု စသည့် အခြေအနေများနှင့် အခြား လိုအပ်ချက်များကို တင်ပြ ဆွေးနွေးကြသည်။

 

ဆွေးနွေးတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်က စိုက်ပျိုးရေးတွင် မျိုး၊ မြေ၊ ရေ၊ နည်းများ ကောင်းမွန်မည်ဆိုပါက အထွက်နှုန်း တိုးတက် ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး နည်းပညာများ တက်ကျွမ်း စေရေးအတွက် စိုက်ပျိုးရေးနှင့် သက်ဆိုင်သည့် ကျောင်းများဖွင့်လှစ်ပေးထားကြောင်း၊ ပညာတတ်ကျွမ်းစေရန် အတွက်လည်း ပညာများအား အမှန်တစ်ကယ်သင်ကြားကြရန်လိုပြီး လက်တွေ့ စိုက်ပျိုးရေး လုပ်ငန်းများ တွင် အသုံးချနိုင်ရမည်ဖြစ်ကြောင်း၊  အားငယ်သည့်စိတ်ဖြင့် ဆောင်ရွက်ခြင်းမရှိဘဲ ကြိုးစားဆောင်ရွက်ကြရန်လိုကြောင်း၊ တိုင်းရင်းသား စာပေသင်ကြားရေးအတွက် ဖြစ်အောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းဖြင့် ပြန်လည်ဆွေးနွေး ပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီး များကလည်း သက်ဆိုင်ရာကဏ္ဍများအလိုက် လိုအပ်သည်များ ဆွေးနွေးခဲ့ကြသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မိမိတို့ တာဝန် ယူချိန်ကာလအတွင်း ကလော မြို့နယ်နှင့် အောင်ပန်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက် လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန်အတွက် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးနိုင်ရန် ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးရခြင်းဖြစ်ကြောင်း၊ ကလောမြို့သည်မြန်မာနိုင်ငံ၏ တောင်ပေါ်အပန်း ဖြေမြို့တစ်မြို့ဖြစ်ပြီး ပူတာအို၊ ပြင်ဦးလွင်၊ ဟားခါး၊ သံတောင်ကြီး၊ ကလော စသည့်မြို့များကို တောင်ပေါ် အပန်းဖြေ မြို့တော်များဖြစ်စေရေး လုပ်ဆောင်လျက်ရှိကြောင်း၊ ကလောမြို့အား အပန်းဖြေမြို့အဖြစ် ဆောင်ရွက်ရာတွင် ပတ်ဝန်းကျင် သာယာ လှပရေး ဒေသခံပြည်သူများက ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်း၊ မြို့သို့ လာရောက်ရာ လမ်းကြောင်း တစ်လျှောက် တွင် ထင်းရှူး၊ ခါတော်မီ၊ စိန်ပန်း၊ ချယ်ရီ အစရှိသည့် မျက်စိပသာဒကိုဖြစ်စေနိုင်သည့် အပင်များဖြင့် အလှဆင် စိုက်ပျိုးထားရန် လိုအပ်မည်ဖြစ်ကြောင်း၊ လမ်းများကိုလည်း အဆင့်မြှင့်တင်ပေး မည်ဖြစ်ကြောင်း၊ မြို့သာယာလှပရေးအတွက် သက်ဆိုင်ရာ ဌာနများက ဆောင်ရွက် သကဲ့သို့ မြို့နေပြည်သူများအနေဖြင့်လည်း မိမိတို့အိမ်နှင့် ပတ်ဝန်းကျင်များအား သန့်ရှင်း သာယာလှပ အောင် ဆောင်ရွက်ရန်လိုကြောင်း၊ သဘာဝအလှ၊ ဖန်တီး သည့်အလှများ၊ ဒေသခံတို့၏ ဖော်ရွေ သည့် စိတ်သဘော ထားများကြောင့် မြို့၏ ဂုဏ်သတင်း မွှေးပျံ့လာပြီး ပြည်တွင်း၊ ပြည်ပမှ လာရောက်အပန်းဖြေသူများ  များပြားလာနိုင်ကာ ဝင်ငွေများရရှိ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ပြုမည်ဖြစ်ကြောင်း၊ သဘာဝအလှတရားများကို ဖန်တီးပေးရန်လိုပြီး ခရီးသွားများကို အမြင်၊ ရနံ့၊ ဒေသထွက် ထုတ်ကုန်များဖြင့် ဆွဲဆောင်နိုင်ရမည်ဖြစ်ကြောင်း၊ ကလောကို အခြေပြု၍ မြင်းတိုက်နှင့် ဟဲဟိုးကြား ကျောက်မီးသွေးခေါင်းတွဲဖြင့် မီးရထား ခရီးစဉ်၊ ပြင်ဦးလွင်ကို အခြေပြု၍ ဇီးပင်ကြီးနှင့် နောင်ချိုကြား အပန်းဖြေ ခရီးစဉ်များ ပြေးဆွဲရန် စီစဉ်နေကြောင်း။

 

အောင်ပန်းမြို့သည် ရှမ်းပြည်နယ်(တောင်ပိုင်း)၏ စီးပွားရေးမြို့  တစ်မြို့ ဖြစ် ကြောင်း၊ ယခင်က မြို့ပြတည်ဆောက်ရေးအား စနစ်တကျဆောင်ရွက်ခဲ့ခြင်း မရှိခဲ့သဖြင့် မြို့အကွက် ကျမှုစနစ်အားနည်းမှုများဖြစ်ပေါ်လျက်ရှိကြောင်း၊ မြို့ပြ တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပညာရေး၊ ကျန်းမာရေး၊ အပန်းဖြေနေရာများအား စနစ်တကျဖြင့်ထည့်သွင်း တွက်ချက် တည်ဆောက်ရန် လိုပြီး တစ်ဖက်မှလည်း ရေဖူလုံစွာရရှိရေး၊ လျှပ်စစ်မီး ရရှိရေး တို့လည်း လိုအပ် မည်ဖြစ်ကာ သန့်ရှင်းသာယာ လှပရေးအတွက် စည်ပင်သာယာများနှင့် ဒေသခံ ပြည်သူများ ပေါင်းစပ်ဆောင်ရွက်သွားရန်လိုကြောင်း။

 

ဒေသနှင့် ပတ်သက်၍ စိုက်ပျိုးရေးလုပ်ငန်းများအဓိကဆောင်ရွက်သည့် ဒေသတစ်ခုဖြစ်ပြီး အဓိကအားဖြင့် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ စိုက်ပျိုး ကြကြောင်း၊ စိုက်ပျိုးရေး ထုတ်ကုန်များအား အထွက်နှုန်းတိုးအောင် ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ စားသုံးသူများ၏ လက်ဝယ်သို့လည်း အမြန်ဆုံးရောက်ရှိရန် လိုကြောင်း၊ အချို့ သစ်သီးဝလံများကို တာရှည်ခံ စေရန်အတွက် အခြောက်ခံခြင်း၊ ယိုထိုးခြင်း၊ ဖျော်ရည်ပြုလုပ်ခြင်း စသည့် တန်ဖိုးမြင့် ထုတ်ကုန်များပြောင်းလဲထုတ်လုပ်မည်ဆိုပါက ဒေသဖွံ့ ဖြိုးတိုး တက်ရေးကို ပိုမို အထောက်အကူ ဖြစ်စေ နိုင်မည်ဖြစ်ကြောင်း၊ မိရိုးဖလာ စိုက်ပျိုးရေးနည်းစနစ်များဖြင့်သာ ကျေနပ်နေ၍ မရဘဲ ခေတ်မီစိုက်ပျိုးရေးနည်းစနစ်များ အသုံးပြု၍ အထွက်နှုန်းကောင်းပြီး အရည် အသွေး ပြည့်မီသည့် စိုက်ပျိုးရေး ထုတ်ကုန်များ ထုတ်လုပ်နိုင်အောင် လုပ်ဆောင်ကြ စေလိုကြောင်း၊ ကြက်၊ ဝက်၊ နွားမွေးမြူရေးများ စနစ်တကျဆောင်ရွက်ပြီး ဥ၊ အသား ထုတ်လုပ်ရေး အပြင် ဇီဝဓာတ်မြေဩဇာရရှိရေးဆောင်ရွက်ရမည်ဖြစ်ကြောင်း။

 

ထိုသို့လုပ်ဆောင်နိုင်ရေးအတွက် အတတ်ပညာ၊ အသိပညာဖြင့် ပြည့်စုံသည့် ပညာရှင်များ လိုအပ်မည်ဖြစ်ကြောင်း၊ ကျောင်းပညာသင်ကြားရေးနှင့်ပတ်သက်၍ ရှမ်းပြည်နယ်အတွင်း ပညာရေး အားနည်းမှုများရှိကြောင်း၊ ပညာရေး အားနည်း ရခြင်းသည် ငွေကြေးအခက် အခဲရှိခြင်း၊ မိဘများ၏ လုပ်ငန်းများတွင် ပါဝင်ကူညီ ဆောင်ရွက်ရခြင်းများကြောင့်ဖြစ်ကြောင်း၊ အထက်တန်းပညာနှင့် အဆင့်မြင့်ပညာ များသင်ကြားရန် မဖြစ်မနေလိုအပ်ပြီး တက္ကသိုလ်ပညာ သင်ကြားရေးနှင့် ပတ်သက်၍ အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံတွင် အဆင့်မြင့် အတန်းပညာ တတ်မြောက်သူ အရေအတွက်သည် ရာခိုင်နှုန်းအရ အလွန်နည်းပါးနေကြောင်း၊ ထို့ကြောင့် အသိပညာ၊ အတတ်ပညာများနည်းပါးပြီး စီးပွားရေး၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်း များ ဆောင်ရွက်ရာတွင် လုပ်ငန်းခွင်အတွေ့အကြုံမှလွဲ၍ အဆင့်မြင့် နည်းပညာများ တတ်ကျွမ်း မှုမရှိကြောင်း၊ ထို့ကြောင့် ပညာရည်မြှင့်တင်ရေး လုပ်ငန်းများကို ဆောင်ရွက်ရန်လိုပြီး မိမိတို့၏ ကလေးများ၏ ပညာသင်ကြားရေး ကို ဆောင်ရွက် ပေးရန်လိုကြောင်း။

 

စိုက်ပျိုးရေးနှင့်ပတ်သက်၍ မိမိတပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန် ထမ်းဆောင်စဉ် ကတည်းက အမြဲမပြတ်အားပေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တပ်မတော်မှ စိုက်ပျိုးရေး သုတေသနအဖွဲ့များဖြင့် အတတ်နိုင်ဆုံးကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း၊ စိုက်ပျိုးရေး သင်တန်း ကျောင်းများတက်ရောက်၍ စိုက်ပျိုးရေး ပညာများတတ်ကျွမ်းအောင် ဆောင်ရွက် ကြရန်လိုကြောင်း၊ မွေးမြူရေးနှင့် ပတ်သက်၍လည်း ယခုဒေသတွင် အောင်မြင်စွာ ဆောင်ရွက် နိုင်မည့် သယံဇာတ အရင်းအမြစ်နှင့် အခြေအနေများစွာရှိကြောင်း၊ မျိုးကောင်းမျိုးသန့်များ ရရှိရေးနှင့် အခြားလိုအပ်သည်များကိုလည်း အစိုးရမှ ကူညီပံ့ပိုးဆောင်ရွက်ပေးသွား မည်ဖြစ် ကြောင်း၊ ဟဲဟိုး လေဆိပ်အား နိုင်ငံတကာလေဆိပ်အဖြစ်သို့ အဆင့်မြှင့်တင်ရန် ဆောင်ရွက် လျက်ရှိပြီး အဆိုပါလေဆိပ်မှတစ်ဆင့် ဒေသထွက်ပစ္စည်းများအား ပြည်တွင်းရှိ အခြားဒေသများ အပြင် နိုင်ငံတကာ ဈေးကွက်သို့တင်ပို့နိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ချိန်တွင် အရည်အချင်းပြည့်ဝသည့် ဒေသတွင်းလူသားအရင်းအမြစ် များလိုအပ်လာမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ယခုထက်ပိုမို အောင်မြင် ဆောင်ရွက်နိုင်မှသာ ဒေသ၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်လာမည်ဖြစ် ကြောင်း၊ မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသ တွင်းရှိ ဒေသခံများကသာလျင် ဦးဆောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့် နိုင်ငံသာယာဝပြောရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း၊ စားနပ်ရိက္ခာပေါများရေးအတွက်လည်း ဆောင်ရွက်လျက် ရှိကြောင်း။

 

ယခုကဲ့သို့ လာရောက်တွေ့ဆုံဆွေးနွေးပြောကြားရခြင်းသည် ရည်ရွယ်ချက် နှစ်ခုရှိပြီး ကလော မြို့အား ခရီးသွားမြို့တော်အဖြစ် လုပ်ဆောင်ကြရန်နှင့် ဒေသတွင်းထုတ်ကုန်ပစ္စည်းများနှင့် ပတ်သက်၍ အဆင့်မီပြီး အရည်အသွေးပြည့်ဝ သည့် Quality Product များဖြစ်အောင် ဆောင်ရွက်ကြစေလိုခြင်းတို့ကြောင့် ဖြစ်ကြောင်း၊ မိမိတို့၏ မျိုးဆက်သစ်ကလေးငယ်များ၏ အနာဂတ်တွင် တစ်ဦးချင်း၊ ဒေသနှင့် တိုင်းပြည်အတွက် ကောင်းမွန်သည့် လမ်းကြောင်း များပေါ်တွင် လျှောက်လှမ်းနိုင်ရေး ဆောင်ရွက်ပေး နိုင်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကလောမြို့နှင့် အောင်ပန်းမြို့တို့ရှိ ဒေသခံမြို့မိ မြို့ဖများ၊ စီးပွားရေးလုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ပြီး လက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်း ရရှိသည်။

 

(သတင်းစဉ်)