နေပြည်တော် အောက်တိုဘာ ၃
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့ နံနက်ပိုင်း တွင် ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်း နှင့်အတူ ပင်းတယမြို့ပြည်သူ့ဆေးရုံသို့ရောက်ရှိပြီး အရေးပေါ်နှင့်ပြင်ပ လူနာဌာန၊ ခွဲစိတ်ခန်း၊ ဓာတ်မှန်ခန်း၊ အတွင်းလူနာခန်းများကို ကြည့်ရှုစစ်ဆေးရာ မြို့နယ် ကျန်းမာရေးဦးစီးဌာမှူးနှင့် တာဝန်ရှိသူများက ပြည်သူ့ဆေးရုံတွင် ပြည်သူများကို ဆေးကုသဆောင်ရွက်ပေးနေမှု၊ ကျန်းမာရေးစစ်ဆေးဆောင်ရွက်ပေးနေမှုများကို ရှင်းလင်း တင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည်ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိသည့် လူနာများကို အားပေးစကား ပြောကြားပြီးအသစ်ဆောက်လုပ်ဆဲ (၂) ထပ်လူနာဆောင်ကို ကြည့်ရှုကာ ကိုဗစ်-၁၉ သံသယလူနာများ၊ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများနှင့် ထိတွေ့သူများကို ကိုဗစ်-၁၉ ရောဂါရှာဖွေရေးလုပ်ငန်းဆောင်ရွက်နေမှုများကို စစ်ဆေး ပြီး COVID-19 RDT Test Kit နှင့် ကာကွယ်ဆေးများကို ဝန်ကြီးဌာနအနေဖြင့် အလုံအလောက် ဖြန့်ဖြူးပေးသွားမည် ဖြစ်ကြောင်း ၊ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို အထူးကြိုးစားဆောင်ရွက်ပေးလျက်ရှိသော ကျန်းမာရေး ဝန်ထမ်းများ အား အသိအမှတ်ပြုကျေးဇူးတင်ရှိပါကြောင်း ပြောကြားကာ ကျန်းမာရေးဝန်ထမ်းများ အား ဂုဏ်ပြုချီးမြင့်ငွေ ပေးအပ်သည်။
အဆိုပါ ပင်းတယမြို့ ပြည်သူ့ဆေးရုံသည် ခုတင် (၅၀)ဆံ့ ဆေးရုံဖြစ်ကာ ဆရာဝန် (၂)ဦး၊ သူနာပြု (၁၀)ဦး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လာရောက်ကူညီနေသည့် သားဖွား/ ကျန်းမာရေးကြီးကြပ်-၂ ဝန်ထမ်း (၁၁)ဦးတို့ဖြင့် လုပ်ငန်းဆောင်ရွက် လျက်ရှိကြောင်း၊ အတွင်းလူနာများအဖြစ် ကိုဗစ်ရောဂါပိုးတွေ့လူနာ (၃၂)ဦးနှင့် အခြား ရောဂါ အတွင်းလူနာ (၄၁)ဦး စုစုပေါင်း (၇၃)ဦးကို လက်ခံ ကုသပေးလျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)