နေပြည်တော်၊ အောက်တိုဘာ ၃
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့၊ နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ပန်း၊ ရေချမ်းနှင့် ရွှေသင်္ကန်း ကပ်လှူပူဇော်ပြီး ဘက်စုံအလှူငွေပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ဥက္ကဋ္ဌက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ပန်းပေါင်းစုံဖြင့် ပြုလုပ်ထားသည့် မဟာမုနိဆင်း တုတော်မြတ်အား ဓမ္မဒါနအဖြစ် ပြန်လည်ပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၏ အနောက်ဘက်မုဒ် ၌ ဘုရားဖူးလာခရီးသွားဧည့်သည်များ ခရီးစဉ်ဒေသဆိုင်ရာအချက်အလက်များ သိရှိလိုမှုများကို မေးမြန်းစုံစမ်းနိုင်ရန်အတွက် ဝန်ကြီးဌာနမှ ဖွင့်လှစ်ထားရှိသည့် Tourist Information Center ၌ လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှု့စစ်ဆေးပြီး ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် Virtual Reality Tour ပြခန်းမြေနေရာရရှိနိုင်ရေး ညှိနှိုင်းဆောင်ရွက်သည်။
ထို့နောက် မန္တလေးမြို့ Pull Man Hotel အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာများ၊ မန္တလေးဇုန်ရှိ ဟိုတယ်နှင့်ခရီးသွားဆိုင်ရာ အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ကိုဗစ် -၁၉ ကပ်ရောဂါနှင့်ယှဉ်တွဲပြီး ခရီးသွား လုပ်ငန်း ပြန်လည်စတင်ရာတွင် ပြည်တွင်းခရီးစဉ်များကို အဓိက ဆောင်ရွက် သွားမည်ဖြစ်ပြီး ပြည်တွင်း ခရီးသွားမြှင့်တင်ရာတွင် ခရီးသွားများသာမက ခရီးသွားလုပ်ငန်းတွင် လုပ်ကိုင်နေသည့် ဝန်ထမ်း များအနေဖြင့်လည်း ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ရန် လိုအပ် ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဟိုတယ်များတွင် ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ သတ် မှတ် လမ်းညွှန်ချက်များနှင့်အညီ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုကို ပြည်သူများ သိရှိနိုင်စေရန်အတွက် အသိပညာပေး ရုပ်သံဗီဒီယို ရိုက်ကူးလျက်ရှိပါကြောင်း၊ အဆိုပါ ရုပ်သံဗီဒီယိုအား နိုင်ငံပိုင်မီဒီယာများ ၊ Conference နှင့် အစည်းအဝေးများ တွင် ပြသ သွားရုံသာမက ဟိုတယ်များ၏ ဧည့်ခန်းမ၊ အစည်းအဝေးခန်းမ၊ စားသောက်ခန်းနှင့် အိပ်ခန်းအတွင်းရှိ တီဗွီများတွင်ပါ ပြသနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးတာဝန်ခံ ညွှန်ကြားရေးမှူးက ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီစစ်ဆေး၍ ပြန်လည် ဖွင့်လှစ်ခွင့်ပြုထား ပြီးဖြစ်သည့် ဟိုတယ်များကို Enchanting Myanmar Health & Safety Protocol အစီအစဉ်အရ ဒေသအဆင့် အသိအမှတ် ပြုလက်မှတ်အား ပေးအပ်ရာ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များ အသင်း (မန္တလေးဇုန်) ဥက္ကဋ္ဌကိုယ်စား တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမောင်ကိုနှင့် တွေ့ဆုံဆွေးနွေးပြီး မန္တလေးမြို့ ကောင်စစ်ဝန်ချုပ် Mr. Chen Chen နှင့် တွေ့ဆုံ၍ ကိုဗစ်-၁၉ ကပ်ရောဂါနှင့်ယှဉ်တွဲ၍ ဖြစ်နိုင်ချေရှိသည့် နည်းလမ်းများဖြင့် တရုတ်-မြန်မာ နှစ်နိုင်ငံ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်နိုင်မှု အခြေအနေ များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲပိုင်းတွင် ပြင်ဦးလွင်မြို့နယ် ဖောင်းတော ကျေးရွာရှိ ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်လုပ်ကိုင်နေသည့် SITHAR COFFEE FARM သို့ သွားရောက်ကြည့်ရှုသည်။ အဆိုပါကော်ဖီခြံသည် ဧက(၄၀)ကျယ်ဝန်းပြီး ၂၀၁၇ ခုနှစ်မှ စတင် ကာ ထုပ်ပိုးမှုပုံစံအနေဖြင့် Fully Washes Process နှင့် Speciality Coffee ကို ထုတ်လုပ် ရောင်းချလျက်ရှိသကဲ့သို့ ကော်ဖီစိုက်ပျိုးရေးလုပ်ငန်းနှင့်အတူ တောတွင်းခရီးသွားလာခြင်း၊ အပန်းဖြေအနားယူခြင်း၊ ဌက်ကြည့်ခြင်းစသည့်ခရီးစဉ်များ ဖွံ့ဖြိုးစပြုလာသည့်အတွက် ပြည် တွင်း ပြည်ပခရီးသွားဧည့်သည်များ ကြည့်ရှု့လေ့လာစရာ ပိုမိုလာသည်နှင့်အမျှ နေထိုင်မှု ကာလလည်း ရှည်ကြာခြင်း၊ ပိုမိုသုံးစွဲခြင်းများ ရှိလာမည်ဖြစ်ပါကြောင်း သိရသည်။
ထို့နောက် ပြင်ဦးလွင်မြို့ရှိ ဂန္ဓာမာမြိုင်နှင့် သီရိမြိုင် ဟိုတယ်များ၏ ခရီးသွား လုပ်ငန်း ပြန်လည်စတင်ချိန်တွင် အဆင့်သင့်ဖြစ်စေရေးအတွက် ကြိုတင်ပြင်ဆင်ဆောက်လုပ် ဆောင်ရွက်မည့် အခြေအနေများကို သွားရောက်စစ်ဆေးပြီးနောက် ရွှေနန်းထိုက်ဟိုတယ်တွင် ပြင်ဦးလွင်မြို့ရှိ ဌာနဆိုင်ရာများ၊ ဟိုတယ်လုပ်ငန်းရှင်များ ၊ ခရီးသွား လုပ်ငန်းရှင်များ၊ သယ်ယူပို့ ဆောင်ရေး လုပ်ငန်းရှင်များနှင့် ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးသည်။
ထို့နောက် ပြင်ဦးလွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူးက ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီစစ်ဆေး၍ ပြန်လည်ဖွင့်လှစ်ခွင့် ပြုထားပြီး ဖြစ်သည့် ဟိုတယ်များကို Enchanting Myanmar Health & Safety Protocol အစီအစဉ်အရ ဒေသအဆင့် အသိ အမှတ်ပြုလက်မှတ်အားပေးအပ်ရာ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ပြင်ဦးလွင် ဇုန်) ဥက္ကဋ္ဌက လက်ခံရယူခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)